စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
14 July 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများမှစုပေါင်းစစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၄ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး အထူးအစီအစဉ်အဖြစ် CDM သူရဲကောင်းများအတွက် စက္ကန့် ၃၀အကြာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ဒေသတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုနှင့် စိုက်ပျိုးရာသီဖြစ်သောကြောင့် လူအင်အားနည်းပါးသော်လည်း လွတ်မြောက်ရေးအတွက် ပြည်သူအားလုံး စည်းစည်းလုံးလုံးနှင့် တောင့်ခံတော်လှန်ပေးကြရန် အထိုင်သပိတ်ပြုလုပ်စဉ် သပိတ်ကော်မတီဝင်တစ်ဦးက တိုက်တွန်းပြောဆိုခဲ့သည်။

ယနေ့ ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့် ကျင်ရေး ရက်ပေါင်း ၈၄၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly