ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်

By KMN (မဇ္ဈိမ)
14 July 2023
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စစ်ကောင်စီတပ်အင်အားဖြည့်
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ (စစ်ကောင်စီ တပ်သားများလိုက်ပါလာသည့် ရေယာဉ်)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ရဲစခန်းကို ယနေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီက တပ်အင်အားဖြည့်နေကြောင်း ဒေသခံတွေက ပြောသည်။

မုံရွာမြို့ရှိ စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကို ဒေသအခေါ် ဖလက်ရေယာဉ်များဖြင့်ကူးကာ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်နေခြင်းဖြစ်သည်။

"မုံရွာအုန်းပင်ဆိပ်ကနေ ညောင်ပင်ကြီးရဲစခန်းကို မနက် ၉ နာရီလောက်မှာ အင်အားလာဖြည့်သွားပါတယ်။ ရိက္ခာတချို့လည်း တင်ဆောင်လာတာတွေ့ရတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီကလည်း ညောင်ပင်ကြီး ရဲစခန်း အတွင်းတွင် ယနေ့ မနက်ပိုင်း၌ စစ်ကောင်စီ တပ်သား ၈၀ ခန့် ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူခဲ့သည်။

ညောင်ပင်ကြီးရဲစခန်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ ညောင်ပင်ကြီး ရဲစခန်းဝန်းကျင်အား လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့သည်။

ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ  ညောင်ပင်ကြီးကျေးရွာအုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းများ ဆက်တိုက်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့အထိ အကြိမ်ရေ ၂၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း
အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဇ္ဈိမကို ပြောသည်။ 

ဇွန်လကုန်ပိုင်းအထိ စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီးကျေးရွာအုပ်စုက ပြည်သူ့နေအိမ်၂၀၀ ကျော် ပျက်စီးခဲ့သည်။ 

စစ်ကောင်စီတပ်များ မီးရှို့မှုကြောင့် ညောင်ပင်ကြီး ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ ၁၀ ရွာက ပြည်သူ ၅,၀၀၀ ကျော်သည် မကြာခဏ စစ်ဘေးရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required