မြန်မာ၏ သံတမန်အခန်းကဏ္ဍကို အီးယူ ပယ်ချပြီး စစ်ဗိုလ်ချုပ်များအား အသိအမှတ်မပြုဟု ပြော

မြန်မာ၏ သံတမန်အခန်းကဏ္ဍကို အီးယူ ပယ်ချပြီး စစ်ဗိုလ်ချုပ်များအား အသိအမှတ်မပြုဟု ပြော
Photo-AFP

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂ (အီးယူ) နှင့် အရှေ့တောင်အာရှနိုင်ငံများကြား ဆက်ဆံရေးကို ညှိနှိုင်းကြီးကြပ်ရသည့် အခန်းကဏ္ဍအား မြန်မာက တာဝန်ယူရရန် ရှိနေခြင်းကို အီးယူထိပ်တန်းသံတမန်က ဆန့်ကျင်ကန့်ကွက်ကြောင်း ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပြီး ပဋိပက္ခဆိုက်နေသော မြန်မာနိုင်ငံက စစ်အစိုးရကို အသိအမှတ်မပြုကြောင်း ထပ်မံ၍ အခိုင်အမာ ပြောဆိုသည်။

ထို ပြောဆိုချက်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ နိုင်ငံအား ဝရုန်းသုန်းကား အခြေစိုက်စေသည့် မြန်မာစစ်တပ်အတွက် နောက်ဆုံး သံတမန်ရေး ရှုံးနိမ့်မှုပဲ ဖြစ်သည်။

အီးယူ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက် ဘော်ရဲလ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် စိုးရိမ်ပူပန်မှုကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေးအတွက် အာဆီယံညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဖို့ ရှိတာဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှု ကြုံရတာပါပဲ”ဟု အစည်းအဝေးအစ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား ဘော်ရဲလ်က ပြောသည်။

“ကျွန်တော်တို့က စစ်အုပ်ချုပ်သူတွေကို အသိအမှတ်မပြုထားဘူး၊ ညှိနှိုင်းရေးမှူး အခန်းကဏ္ဍကို မြန်မာက ယူရဖို့ ရှိတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့အနေနဲ့ ဖြေရှင်းနိုင်ကောင်းပါတယ်”ဟု ၎င်းက ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဘက်က ချက်ချင်း တုံ့ပြန်မှု မရှိသော်လည်း အီးယူနှင့် အာဆီယံကြားက အားကောင်းမောင်းသန်ရှိသော ကုန်သွယ်ရေးနှင့် ပထဝီနိုင်ငံရေး ဆက်ဆံမှုများအပေါ် မည်သို့သော ပျက်ပြားစေမှုကိုမဆို တားဆီးနိုင်ရေးအတွက် အီးယူ၏ ယခု စိုးရိမ်ပူပန်မှုနှင့်ပတ်သက်ပြီး အာဆီယံကြား ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေး တက်ရောက်သည့် အရှေ့တောင်အာရှသံတမန်တစ်ဦးက The Associated Press သို့ ပြောသည်။

ယခု ကိစ္စရပ်ကို အများသိ ဆွေးနွေးပြောဆိုပိုင်ခွင့် မရှိခြင်းကြောင့် အဆိုပါ သံတမန်သည် အမည်မထုတ်ဖော်ဘဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အီးယူ၊ အမေရိကန်နှင့် အခြားသော အနောက်အုပ်စု အစိုးရများသည် မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီး အကြမ်းဖက်မှုများ ချက်ချင်း အဆုံးသတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ရေးအတွက် တောင်းဆိုထားသည်။

အာဆီယံသည် ၎င်း ဆက်ဆံရေး ရှိထားသော အီးယူအပါအဝင် ကမ္ဘာအင်အားများနှင့် ကုန်သွယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ဆက်ဆံမှုများအတွက် ညှိနှိုင်းကြီးကြပ်ရန် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တာဝန်ပေးထားသည်။ လက်ရှိ အာဆီယံ-အီးယူ ဆက်ဆံမှု၏ ညှိနှိုင်းရေးမှူးမှာ ဖိလစ်ပိုင်ဖြစ်ပြီး ယင်းတာဝန်ကို လာမည့်နှစ်၌ မြန်မာနိုင်ငံက ဆက်ခံရမည် ဖြစ်သည်။

အာဆီယံဝန်ကြီးများက ရွေးချယ်စရာအဖြစ် စဉ်းစားသည့်အထဲတွင် ထိုတာဝန်ကို လာမည့်နှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံအား ပေးအပ်ရန် စဉ်းစားမှုလည်း ရှိထားကြောင်း အဆိုပါ သံတမန်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းချိန်မှစကာ လုံခြုံရေးအဖွဲ့များ၏ သတ်ဖြတ်ခံရသည့် ပြည်သူပေါင်း ၃,၇၅၀ ဦးရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၄,၀၀၀ နီးပါး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့အရ သိရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required