ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေ

By ကိုခင်မောင် (မဇ္ဈိမ)
14 July 2023
ကန့်ဘလူမြို့နယ် ညောင်ပင်ရွာမရွာကို စစ်ကောင်စီတပ် မီးရှို့နေ
ဓာတ်ပုံ- ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့ဘလူခရိုင်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပင်ရွာမရွာသို့ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များမှ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူပိုင်နေအိမ်များကို မီးရှို့နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်) က သတင်းထုတ်ပြန်ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ရက် နံနက် ၁၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်၊ ငါတို့ရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်များနှင့် ပျူစောထီးပူးပေါင်း စစ်ကြောင်းမှ ညောင်ပင်ရွာမရွာအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ တာဝန်ရှိသူက မဇ္စျိမသို့ ပြောသည်။

“အသေးစိတ်အချက်အလက်တော့ ကျွန်တော်တို့ဘာမှ မရသေးဘူးဗျ။ လတ်တလောမှာတော့ စစ်ကောင်စီပူးပေါင်းတပ်တွေက ညောင်ပင်ရွာမရွာကနေ ထွက်ခွာသွားပြီလို့ ကျွန်တော်တို့ သတင်းရပါတယ်။” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ကန့်ဘလူမြို့နယ်ရှိ သပြေသာရွာ၊ ဖိုလ်ကုန်းရွာ၊ ကျောင်းကုန်းရွာ၊ မင်းဘာရွာ၊ လက်ထုတ်ကုန်းရွာ၊ ရင်ခတ်ကုန်းရွာ၊ ကိုးမြို့ရွာ၊ ညောင်ပင်ရွာမရွာ  စသည့်ကျေးရွာပေါင်း ရှစ်ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်တွင်လည်း အဆိုပါ ညောင်ပင်ရွာမရွာအား စစ်ကောင်စီစစ်တပ်မှ ပထမအကြိမ်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၁၁ လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)၏ မှတ်တမ်းများအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly