ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA  တိုက်ပွဲများ ဆက်ပြင်းထန်နေ

ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA  တိုက်ပွဲများ ဆက်ပြင်းထန်နေ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်နဲ့  ၁၂ မိုင်ခန့်သာ ဝေးတဲ့ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေတဲ့အတွက် တိုက်ပွဲများ ပြင်းထန်နေပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နမ်ဆန်ယန်ကျေးရွာရဲ့ တောင်ဘက်နဲ့ မြောက်ဘက် မိုင်အနည်းငယ်အကွာအထိ စစ်ကောင်စီ စစ်ကြောင်းများ ရောက်ရှိနေပြီး ဇူလိုင် ၁၂ နဲ့ ဇူလိုင် ၁၃ တို့မှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ KIA ထံမှ သိရပါတယ်။

မြစ်ကြီးနားမြို့က လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ က နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နမ်ဆန်ယန်မြို့တောင်ဘက် ဗန်းမော်မြို့မှ ရေကြောင်း၊ ကုန်းကြောင်းမှ အင်အားဖြည့်တင်းလာတဲ့ စစ်အင်အားတချို့ကို လည်း ဒေါ့ဖုန်းယန်မြို့အနီး ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါတယ်။

ဒီလ ၃ ရက်နေ့က စလို့ စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်လာခဲ့တဲ့ နမ့်ဆန်ယန်ဒေသကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေ ရှိလာခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတာပါ။ 

ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် အထိအခိုက်စာရင်းကိုတော့ ပြောဆိုတာ မရှိပါဘူး။

ဒီလ ၁၁ရက်နေ့ကလည်း မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနားလမ်းက နွမ်လန်းရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA က မိုင်းခွဲ တိုက်ခိုက်ပြီး တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ဒီလ ၁၂ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းနဲ့ လဝါး လမ်းခွဲမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၁ နာရီခွဲလောက်အကြာ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

KIA ဌာနချုပ်အနီးက နမ့်ဆန်ယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာချိန်မှာ ဗန်းမော်မြို့မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly