ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လုပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကို ရန်တိုက်ပေးတာလား | သတင်းသုံးသပ်ချက်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လုပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကို ရန်တိုက်ပေးတာလား | သတင်းသုံးသပ်ချက်
Photo-AFP

ထိုင်း အိမ်စောင့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်ကို လျှို့ဝှက်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေ အကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ဆွေးနွေး ပြောဆိုခဲ့တာတွေကို အခု ဂျာကာတာမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေးကို အားပေးတယ်လို့ ပြောလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို ပြောခဲ့ပါတယ်။

ဒီအပေါ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ - NUG ရဲ့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက စစ်ကောင်စီ အနေနဲ့ အကျဉ်းကျခံနေရတဲ့ သူတစ်ယောက်ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဝေဖန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံခွင့်ရတိုင်း သူ့အနေနဲ့ ပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်မှာမဟုတ်ဘူး၊ ကြိုးစားနေတဲ့ လူငယ်တွေကို သူ့အနေနဲ့ ချီးကျူးတယ် ဆိုတာမျိုးတွေပဲ သတင်းစကားပါးလေ့ရှိတယ်လို့ သူကဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တကယ်တွေ့ဆုံခွင့်ရမရဆိုတာနဲ့ ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးတယ်ဆိုတဲ့စကား တကယ်ပြောမပြော ဆိုတာလည်း ဘာ သက်သေ အထောက်အထားမှ မရှိသလို၊ ဘယ်သူမှလည်း မသိနိုင်ဘူးလို့ ဦးကျော်ဇောက ပြောပါတယ်။

ထိုင်းအိမ်စောင့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ အစိုးရတာဝန်ကနေလည်း ရပ်နားရတော့မဲ့ အချိန်လည်း ဖြစ်သလို၊ အာဆီယံ ဥက္ကဋ္ဌလည်း မဟုတ်ပါဘဲ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့တယ်ဆိုတာ ရိုးသားတဲ့ လုပ်ရပ်မဖြစ်နိုင်တာ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲမှာ ၂ နှစ်ကျော် နေလာရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင့်အရင်က NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံခွင့်ရတာကလွဲလို့ အာဆီယံဥက္ကဋ္ဌအပါအဝင် နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ခွင့် မရခဲ့ပါဘူး။

လက်ရှိအချိန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုနေတာတောင် စစ်ကောင်စီက လေကြောင်းက ဗုံးကျဲတိုက်ခိုက်တာ အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေလို့ အရပ်သားတွေ သေဆုံးနေရဆဲဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ နှပ်ကြောင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်း စုကြည် နာမည် အသုံးချပြီး ပြောဆိုလိုက်တာဟာ စစ်ကောင်စီနိုင်ငံရေး ထွက်ပေါက်ရဖို့ ဝင်ကူလိုက်တာပါ။

ထိုင်းအိမ်စောင့်အစိုးရဟာ စစ်ကောင်စီလမ်းကြောင်းပေးတဲ့အတိုင်း မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ ပြောနေပေမယ့် စစ်ကောင်စီဘက် တစ်ဖက်တည်းနဲ့ပဲ တွေ့ဆုံနေပြီး တခြား တော်လှန်ရေး အင်အားစုတွေကို တွေ့ဆုံခြင်း မရှိပါဘူး။

တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ဆိုတာ မြန်မာပြည်သူတွေ လိုလားတဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ အာဆီယံနိုင်ငံအားလုံး ကောင်းကောင်းသိပါတယ်။

မြန်မာပြည်သူတွေ လိုလားတာက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တာဝန်ခံစေဖို့၊ အရေးယူဖို့နဲ့ ပြည်သူ့အာဏာ ပြန်ရဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကိုယ့်အားကိုယ်ကိုးပြီး စစ်ကောင်စီကို တောင့်ခံတော်လှန်နေကြတာ ဖြစ်ပါတယ်။

နှစ်နှစ်ကျော်ကြာလာတဲ့အထိ ဒုက္ခပေါင်းစုံကို ခါးစည်းခံလာပြီးမှ စကားဝိုင်းမှာ ဆွေးနွေးကြမယ်ဆိုတာကို ပြည်သူလူထုက လုံးဝ လက်မခံပါဘူး။

ဒီလို အခြေအနေမျိုးမှာ အစိုးရ ဆင်းပေးရခါနီး ထိုင်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပွင့်လင်းမြင်သာမှု မရှိဘဲ၊ ဘာသက်သေ အထောက်အထားမှလည်း မရှိဘဲဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို အားပေးတယ် ဆိုတဲ့ စကားပြောတယ်လို့ အာဆီယံ အစည်းအဝေးမှာ ပြောလိုက်တာဟာ အထောက်အကူ မဖြစ်တဲ့အပြင် အန္တရာယ် များလှပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လုပ်ရပ်ဟာ လူတိုင်း ကြည်ညိုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ စိတ်ကွက်သွားစေနိုင်တဲ့အပြင် ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်တိုက်ပေးလိုက်သလို ဖြစ်နေကြောင်း ဖော်ပြပေးလိုက်ပါတယ်။   

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required