တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ အသက် ၁၇ နှစ်ရွယ် အမျိုးသမီး တစ်ဦး သေဆုံးကာ အသက် ၁၁ နှစ် အရွယ် ကလေးငယ် တစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရ သည်။
သေဆုံးသူမှာ မယဥ်မာဌေးဆိုသူဖြစ်ပြီး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၂ ရက် နံနက် ၈ ခန့်က နခံတောရွာနှင့် ခမောင်းတောင်ရွာကို စစ်ကောင်စီတပ်က ကမြောကင်း တံတားဘက်မှ ဝင်ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
လောင်းလုံးမြို့ခံ တစ်ဦးက“တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပါဘူး။ စစ်တပ်က စစ်ကြောင်းထိုး ဝင်လာပြီး ရမ်းသန်း ပစ်ခတ်တာ ဖြစ်တယ်။ ပစ်တဲ့ အခါမှာလည်း ပေါက်ကွဲသံတွေ အရ လက်နက်ကြီး၊ လက်နက်ငယ်တွေပါ ပါဝင်တယ် ”ဟု ဒေသခံက ပြောသည်။
လက်ရှိတွင် ဒေသခံအချို့မှာ နခံတောရွာ တောင်ပေါ်ရှိ စစ်ကောင်စီ၏ ယာယီ စခန်း၌ ဖမ်းဆီးခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“နေအိမ် သုံးလုံးလည်း မီးရှို့ခံရတယ် ကြားရတယ်။ နှစ်ဖက် တိုက်ပွဲ ဖြစ်တာ မရှိဘူး ။ လက်ရှိ အခြား ဘာမှတော့ ထပ် မကြာရသေးဘူး”ဟု လောင်းလုံးမြို့ခံ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီး တစ်ဦးက ပြော သည်။
လက်ရှိတွင် ဒေသခံအချို့သည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး