၆ လအတွင်း ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရ

By ဂန္ဒမာ (မဇ္ဈိမ)
12 July 2023
၆ လအတွင်း ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရ

၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း၌ ရန်ကုန်မြို့ပြတော်လှန်ရေး မြေပေါ်မြေအောက်ရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစုတခုထံမှ သိရသည်။

“အဖမ်းခံရတာနဲ့ပတ်သတ်ပြီး အဓိကအားနည်းချက်က စစ်ကောင်စီကြောင့်မဟုတ်ဘဲ ပြည်သူတွေအနေ နဲ့ သူတို့ရဲ့စီးပွားရေးကိုစောင့်ရှောက်ဖို့ CCTV တွေတပ်ထားတာက မြို့ပြပြောက်ကျားတွေရဲ့အခက်အခဲ ပါပဲ။ လမ်းမပေါ်မှာတပ်ဆင်ထားတဲ့ CCTV တွေကြောင့် မြို့ပြတော်လှန်ရေးအင်အားစုတွေဖမ်းမိ့ခဲ့တဲ့ သာဓကတွေ အတော်ကိုများပြားပါတယ်” ဟု UG Supporter Group က ပြောသည်။

လက်ရှိအခြေအနေသည် မြို့ပြပြောက်ကျားအဖွဲ့တိုင်းနီးပါး အခက်အခဲများကိုကြုံတွေ့နေရပြီး ထိုထဲတွင် နေထိုင်သွားလာစရိတ်၊ မစ်ရှင်ဖော်ဆောင်စရိတ်များလိုအပ်လျက်ရှိကာ မြို့ပြတွင် စစ်ကောင်စီ၏ရန်မှ ကင်းလွတ်အောင် နေထိုင်ရာတွင်လည်း ရပ်တည်မှုအတွက် ထောက်ပံ့မှုနည်းလာ၍ ခက်ခဲမှုများရှိ ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြာင်းထံမှ သိရသည်။

သို့သော် တော်လှန်ရေး နှစ်နှစ်တာကာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ရန်ကုန်မြို့တွင် မစ်ရှင်ဖော်ဆောင်မှု များမှာ အပြည့်အဝအောင်မြင်သည်မဟုတ်သေးသော်လည်း ထိရောက်မှုရှိနေသည့်အတွက် တောတွင်း ဖြစ်စေ၊ မြို့ပြဖြစ်စေ စစ်ကောင်စီတပ်အတွက် အန္တရာယ်သည် အနီးတွင်သာရှိနေပြီး လုံခြုံမှုမရှိတော့ သည်ကို တွေ့ရကြောင်း စမ်းချောင်း PDF က ပြောသည်။

မြို့ပြပြောက်ကျားများအနေဖြင့် မစ်ရှင်ဖော်ဆောင်ရာတွင်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးနှက်ချက် များကိုကြုံတွေ့ရပြီး အထူးသဖြင့် စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်း၊ ရဲဘော်များ၏ မိသားစုဝင်များ အသက် အန္တရာယ်ပြုခံရခြင်း၊ ဆိုးရွားစွာ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

“ဒီဖြစ်စဉ်တွေကရှိတယ်။ အများကြီးရှိတယ်။ ဒါပေမယ့် မြေပြင်မှာဖြစ်နေတာတွေကို အကုန်ပြောပြလို့ မရဘူး။ ဒါကိုအာရုံစိုက်မိသွားရင် ဒီအတိုင်းထပ်လုပ်တော့မှာ။ ဒါပေမယ့်လည်း ရဲဘော်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်။ စစ်ကောင်စီဘက်က ဘာပဲလုပ်လုပ် ဂရုစိုက်မနေကြပါဘူး” ဟု ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ပြောသည်။

စစ်ကောင်စီအနေဖြင့် အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်မှုများကို ပြုလုပ်နေဆဲဖြစ်၍ တော်လှန်ရေး ရဲဘော် များအနေဖြင့် မစ်ရှင်ဖော်ဆောင်ပြီးတိုင်း စိတ်ချလုံခြုံသည့်နေရာဒေသကို ချက်ခြင်းပြောင်းရွှေ့ရန် လိုအပ် ကြောင်းဆိုသည်။

“ ရှေ့ဆက်ပြီး အဖမ်းခံရတာတွေစိပ်လာရင် တော်လှန်ရေးအနေနဲ့ ရှေ့ဆက်ဖို့ အားယုတ်သွားတာတွေ၊ ထိထိရောက်ရောက်မလုပ်နိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့ပြတော်လှန်ရေးအင်အား စုက ညီကိုမောင်နှမတွေအနေနဲ့ လုံခြုံရေးကိုအထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု USG က သတိပေးစကားဆိုသည်။

မြို့ပြပြောက်ကျားများ၏ အဓိက လိုအပ်ချက်မှာ ငွေကြေးဖြစ်၍ အဆိုပါ အခက်အခဲအားကူညီနိုင်ရန် YFA (Yangon Fundraising Army) ရန်ကုန်ထောက်ပို့တပ် အဖွဲ့ဝင်များဖြစ်ကြသော စမ်းချောင်းပင်မ သပိတ် စစ်ကြောင်း၊ UG Supporter Group နှင့် Yangon Drone တို့မှ မြို့ပြထောက်ပို့ကမ်ပိန်းအား ဇူလိုင်လ ၁၀ ရက်မှ စက်တင်ဘာလ ၁၀ ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ရရှိလာသည့်ငွေများအား San Chaung PDF ၊  UG Supporter Group ၏ မိတ်ဖက် UG များ နှင့် အညာ ဒေသ Black Wolf Army ထံသို့ ထောက်ပို့သွားမည်ဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြောသည်။

မြို့ပြပြောက်ကျားများ ဖမ်းဆီးမခံရစေရန် ပြည်သူများအနေဖြင့် မလိုအပ်ပဲ CCTV များကို လမ်းမတွေပေါ် သို့ လှည့်မထားကြရန် ထပ်မံမေတ္တာရပ်ခံလိုပြီး မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း မိမိတို့ အဖွဲ့အစည်းကထုတ်ပြန်သည့် စည်းကမ်းများကိုလိုက်နာကာ ဂရုစိုက်စေလိုကြောင်း မြေပြင်ရဲဘော် တဦး က အသိပေးသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required