ဘင်္ဂလားဒေ့ရှ်ရဲများနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုအတွင်း ARSA စစ်သွေးကြွအဖွဲ့ ထိပ်တန်းတပ်မှူး သေဆုံး

By Anadolu Agency
11 July 2023
ဘင်္ဂလားဒေ့ရှ်ရဲများနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုအတွင်း ARSA စစ်သွေးကြွအဖွဲ့ ထိပ်တန်းတပ်မှူး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက် ကော့ဇ်ဘဇားဒေသတွင် ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ (ARSA) လက်နက်ကိုင် ခွဲထွက်ရေးအဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုသည်။

ရာချီသော ARSA လက်နက်ကိုင်အမျိုးသားများသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ရိုဟင်ဂျာ‌ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် ပစ်ခတ်မှုအတွင်း ၎င်းတို့အဖွဲ့သား ငါးဦး သေဆုံးခဲ့ရသည့်အပေါ် လက်တုံ့ပြန်သောအားဖြင့် ဇူလိုင် ၁၀ ရက် မနက်ပိုင်းတွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း အမှတ် ၁၇ ကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည် ဆိုသည့် သတင်းကို ဘင်္ဂလားဒေ့ရှ် ဥပဒေစိုးမိုးရေးတာဝန်ရှိသူများက ရရှိခဲ့ကြောင်း အမှတ် (၁၄) လက်နက်ကိုင် ရဲတပ်ရင်း (APBn) ၏ တပ်မှူး ဆိုင်ယက်ဒ် ဟာရွန်း အော် ရက်ရှီးဒ်က ပြောသည်။

APBn တပ်ဖွဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားချိန်တွင် ARSA စစ်သွေးကြွများက စတင်ပစ်ခတ်ခဲ့ကြောင်း ရက်ရှီးဒ်က ပြောသည်။ နှစ်နာရီနီးပါးကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပြီးနောက် စစ်သွေးကြွများသည် ဟူစိန် မာဂျ်ဟီ ဟု သိရသည့် သေဆုံးသွားသည့် ၎င်းတို့၏ တပ်မှူးကို ထားပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ရက်ရှီးဒ်က ပြောသည်။

ဘင်္ဂလားဒေ့ရှ် ရဲများသည် လက်နက်ခဲယမ်းများ၊ ပိုက်ဆံများနှင့် လမ်းလျှောက်စကားပြောစက်တစ်လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ပြောသည်။

ARSA အဖွဲ့သား ငါးဦး သေဆုံးသည့် ပြီးခဲ့သည့် ဇူလိုင် ၇ ရက် ARSA နှင့် RSO အကြား တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးကတည်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် လုံခြုံရေးတိုးမြှင့်ထားပြီး APBn တပ်ဖွဲ့ကို တပ်လှန့်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အခြေအနေကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပြီး ဥပဒေစိုးမိုးရေး တာဝန်ရှိသူများက ဒုက္ခသည်စခန်းများကို ကွပ်ကဲနေကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိက ပြောသည်။

ARSA နှင့် RSO အဖွဲ့များသည် မြန်မာ၏ ရခိုင်ပြည်နယ်တွင်သာမကဘဲ ဘင်္ဂလားဒေ့ရှ်၏ ကော့ဇ်ဘဇား ဒေသတို့တွင် လှုပ်ရှားနေပြီး ထို နှစ်ဖွဲ့သည် ဒုက္ခသည်စခန်းများ၌ ဩဇာလွှမ်းမိုးမှု ထူထောင်ရန် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်စောင်နေခဲ့ကြကြောင်း APBn ထံမှ သိရသည်။

၂၀၁၇ ဩဂုတ်လက ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ်ကြောင့် ထွက်ပြေးလာကြရသူ အများစု အပါအဝင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက် ရှိသည်။ အများစုကို ကော့ဇ် ဘဇားခရိုင်ရှိ လူပြည့်သိပ်နေသော စခန်းများ၌ နေရာပေးထားသော်လည်း ၃၀,၀၀၀ ခန့်ကို ၂၀၂၀ နှစ်ကုန်နောက်ပိုင်း ဘာဆန်ချားကျွန်းသို့ ရွှေ့ပြောင်းနေရာချထားသည်။

Myanmar militant commander killed in gun battle with Bangladeshi police
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly