အလံပုံကိုပြုပြင်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ရေယာဉ်ငယ်ပုံကဲ့သို့ ဖြန့်ဝေ

By JC ( မဇ္ဈိမ)
10 July 2023
အလံပုံကိုပြုပြင်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ရေယာဉ်ငယ်ပုံကဲ့သို့ ဖြန့်ဝေ

အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေယာဉ်ငယ်ပုံမှအလံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ အလံဖြင့် အစားထိုးပြုပြင်ထားသည့်ပုံတပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“မြောက်ဦးမြေက လွမ်းနေမယ်” ဟု အဓိပ္ပာယ်ရသည့် ရခိုင်ဘာသာဖြင့်ရေးသားထားသည့် ဖေ့စ်ဘုတ် အကောင့်တစ်ခုက ဇူလိုင်လ ၆ ရက်နေ့တွင် “ကြည့်ကြပါဦး ချစ်အမျိုးတို့” ဟုဆိုကာ ရခိုင်ဘာသာဖြင့် စတင်ဖြန့်ဝေထားသည်။ လက်ရှိတွင် ပို့စ်အားဖျက်သွားသော်လည်း လူမှုကွန်ရက်တွင် ဆက်လက်ပျံ့နှံ့ နေ ဆဲဖြစ်သည်။ 

Arakan Youths (ရက္ခိုင်လူငယ်များ)ဖေ့စ်ဘုတ်ပေ့ချ်တွင် ဇူလိုင်လ ၇ ရက်နေ့က “ပင်လယ်ပြင် သာယာ လိုက်တဲ့ ရှုခင်းမြင်ကွင်း” ဟုဆိုကာ အဆိုပါ ပြုပြင်ထားသည့်ပုံဖြင့် ဖြန့်ဝေခဲ့ပြီး ကြိုက်နှစ်သက်သူ ၈,၅၀၀ ကျော်နှင့် ပြန်လည်ဖြန့်ဝေသူ ၃၁၀ ကျော်ရှိနေသည်။ 

မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ ထိုပုံအား စစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံရှိ ရက္ခိုင့်အမျိုးသားအဖွဲ့ အချုပ်(ULA) ၏ ရေယာဉ်ငယ်မဟုတ်ကြောင်း တွေ့ရသည်။
သတင်းတုတွင်ပါဝင်သောပုံနှင့်ပတ်သက်ပြီး ဓာတ်ပုံများ၏ မူလအရင်းအမြစ်ကိုရှာဖွေသည့် Google Image Search ဖြင့် ရှာဖွေခဲ့ရာတွင် The National Interest မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ က ဖော်ပြထားသည့် အီရန်ရေတပ်မှ သေးငယ်ပြီးလျင်မြန်သည့် တိုက်ခိုက်ရေး ရေယာဉ်ငယ်များ အကြောင်းဆောင်းပါးမှသတင်းဓာတ်ပုံဖြစ်သည်။ လင့် - t.ly/9Y6Sf

အလားတူပင် VOA သတင်းဌာန၏ အင်္ဂလိပ်ပိုင်း၌ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် “မှောင်ခိုဒီဇယ် တွေတင်လာတဲ့ ရေနံတင်သင်္ဘောတစီးကိုဖမ်းဆီးထားတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က ကြေညာ”ဟူသည့် သတင်းနှင့်ပတ်သက်၍ ဤပုံကို ဖော်ပြထားသည်။ 
၎င်းသတင်းဓာတ်ပုံ၏အညွှန်းစာတွင် ထိုပုံသည် ရိုက်တာသတင်းဌာနမှဖော်ပြခဲ့သည့် အီရန်တော်လှန်ရေး အစောင့်တပ်၏ ရေယာဉ်ငယ်တစင်းကို ပါရှန်ပင်လယ်ကွေ့တွင် ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်ဟုဖော်ပြထားသည်။ လင့် - t.ly/gFE86

ထပ်မံ၍ VOA သတင်းဌာနကပင် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် အီရန်တော်လှန်ရေးအစောင့်တပ် က ပါရှန်ပင်လယ်ကွေ့ရှိ နိုင်ငံတကာရေပိုင်နက်တွင် ကူးသန်းရောင်းဝယ်ရေးသင်္ဘောတစင်းကို ဖမ်းမိခဲ့ သည့် သတင်း၌ နောက်ဆုံးအသုံးပြုထားသည်။ ထိုပုံအောက်တွင်လည်း ၂၀၁၉ ခုနှစ်မှ ပုံဟောင်းဖြစ် ကြောင်း ဖော်ပြထားသည်။ လင့် - t.ly/zwK-

မူရင်းပုံများတွင် အီရန်နိုင်ငံ၏အလံကို တွေ့ရမည်ဖြစ်ပြီး ပြုပြင်ထားသည့်ပုံတွင်မူ အီရန်နိုင်ငံအလံအစား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ အလံကို အစားထိုးပြုပြင်ထားသည်ကို တွေ့ရသည်။ 

ထို့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏အလံဖြင့် ပင်လယ်ပြင်တွင်သွားနေသည့် ရေယာဉ်ငယ်၏ပုံသည် မြန်မာနိုင်ငံမှမဟုတ်ဘဲ အီရန်တော်လှန်ရေးအစောင့်တပ်မှ ရေယာဉ်ငယ်၏ပုံကို ပြုပြင်ထားသည့် ပုံအတု သာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly