မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
“ခလယ်တံခွန်တိုင် ရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား တဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီး များဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။
တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ဖောက်ခွဲတိုက်ခိုက်မှုတွင် 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်း စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်ရေးလူပ်ရှားမှုများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်းများ၊ ဒရုန်းဖြင့် ပစ်ခတ်ရသော ဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ