ဟားခါး - ထန်တလန်အကြား ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ၃၅ဦးဒဏ်ရာရ ဟုဆို

By ပါခွီး (မဇ္စျိမ)
09 July 2023
ဟားခါး - ထန်တလန်အကြား ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ သေဆုံးပြီး ၃၅ဦးဒဏ်ရာရ ဟုဆို

ချင်းပြည်နယ် ၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား စစ်ကောင်စီတပ်နှင့်  ခြောက်ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ဦးခန့်သေဆုံးပြီး ၃၅ဦး ဒဏ်ရာရရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

ဟားခါးမြို့ မှ ထန်တလန်မြို့သို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို သီးမစ်လွင်ပြင်တွင် ဇူလိုင်လ ၃ရက် မှ ၈ရက်နေ့ အတွင်း CNA နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF )များပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ဆိုသည်။

“ဟိုအရင်ရက်က ငါးယောက် ဟားခါးဆေးရုံရောက်တယ် ။ မနေ့က တိုက်ပွဲအပြီး ၃၀ လောက်ထပ်ရောက်တယ် ။ သေတာ ၂၀ရှိတယ်လို့ ကျနော်တို့အတွင်းသတင်းများ အရသိရတာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။

ယမန်နေ့ ဇူလိုင်လ ၈ရက်တွင် ဟားခါး - ထန်တလန်နယ်စပ် သီတာကျေးရွာအနီး တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဇူလိုင်လ ၉ရက်တွင် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း ခြောက်လောင်းနှင့် သေနတ် လေးလက်အပါအဝင် လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရကြောင်းသိသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ပြီး ဟားခါးမြို့ဘက်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့သဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့ မှ ရဲဘော် ခြောက်ဦး ဒဏ်ရာရရှိထားကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

မေလ ၂၆ရက်နေ့မှ စတင်ပြီး အင်အား၁၅၀ခန့်ပါဝင်သော စစ်ကောင်စီတပ်သည် ဟားခါးမြို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထန်တလန်မြို့ဘက်သို့ စစ်ကြောင်းထိုး လာရာ သီးမစ်လွင်ပြင်အနီးတွင် ချင်းပူးပေါင်းတပ်ဖွဲ့က ခုခံနေခြင်းဖြစ်သည်။

ဟားခါးမြို့နယ် ၊ ချွန်ကျုံးကျေးရွာအနီး စစ်ကောင်စီတပ်၏ သံချပ်ကာ ကားနှစ်စီးနှင့် ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သဖြင့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG ) က CNA နှင့် CDFများကို ဇူလိုင်လ ၄ရက်နေ့တွင်  ကျပ် ၄၀၀,၀၀၀,၀၀၀ (သိန်းလေး ထောင်) ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly