အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် ပြည်ပအဝတ်အထည်ကုမ္ပဏီများ မြန်မာမှ ထွက်ခွာမည်

အလုပ်သမားများ ဖမ်းဆီးခံရပြီးနောက် ပြည်ပအဝတ်အထည်ကုမ္ပဏီများ မြန်မာမှ ထွက်ခွာမည်
Mizzima

အလုပ်သမားများကို စစ်ကောင်စီအာဏာပိုင်များက ဖမ်းဆီးမှုများ ရှိခဲ့ပြီးနောက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း ပြည်ပ အဝတ်အထည် ထုတ်လုပ်သူလုပ်ငန်းကုမ္ပဏီနှစ်ခုက ထုတ်ပြန်ကြေညာသည်။

JAKO အမှတ်တံဆိပ်က ၎င်းတို့၏ အလုပ်သမားများ ဖမ်းဆီးခြင်းခံရပြီးနောက် မြန်မာမှ ထွက်ခွာမည်ဟု ပြောသည်။

ဂျာမနီ အခြေစိုက် အားကစားဝတ်စုံ ကုမ္ပဏီ JAKO ၏ အမှတ်တံဆိပ်ထုတ်ကုန်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ စက်မှုဇုန် အမှတ် ၅ ၊ မလိခလမ်းရှိ SUN Apparel Myanmar Co. Ltd က ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။ SUN Apparel မှ အလုပ်သမားနှစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် မြန်မာနိုင်ငံ၌ ၎င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို ရပ်တန့်ရန် စီစဉ်ခဲ့ရပြီဖြစ်ကြောင်း JAKO ကုမ္ပဏီက ကြေညာသည်။

ကုမ္ပဏီ အလုပ်သမားများ၏ ကောင်းကျိုးအတွက် ထည့်သွင်းစဉ်းစားလျက်ဖြင့် ယခု ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ကုမ္ပဏီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

မိမိတို့အနေဖြင့် မြန်မာတွင် အလုပ် အမှာစာများ မှာယူခြင်းကို ရပ်ဆိုင်းပြီး နိုင်ငံမှ ထွက်ခွာရန် စီစဉ်ပြီဖြစ်ကြောင်း JAKO ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အထည်ချုပ်လုပ်ငန်း လေ့လာစောင့်ကြည့်မှု မီဒီယာဖြစ်သည့် EcoTextile News ကို ပြောသည်။

ကုမ္ပဏီအနေဖြင့် အလုပ်သမားများနှင့်အတူ ရပ်တည်ခဲ့ပြီး ၎င်းတို့အနေဖြင့် နိုင်ငံရှိ ၎င်းတို့၏ မိတ်ဖက် စီးပွားရေးလုပ်ငန်းများနှင့် ကာလကြာရှည် ဆက်ဆံမှုကို ဆက်ထိန်းထားမည် ဖြစ်ကြောင်း JAKO ကုမ္ပဏီမှ အရာရှိ ဟိုင်းကို ရမ်းမ်က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လကုန်က လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုခဲ့သော ရန်ကုန်အလုပ်သမားတချို့အား ဖမ်းဆီးခဲ့ပြီး ၎င်းတို့သည် တရားမဝင်သော အဖွဲ့အစည်းများနှင့် အဆက်အသွယ်လုပ်၊ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသည့် အလုပ်သမားများအနက် နှစ်ဦးသည် SUN Apparel အထည်ချုပ်စက်ရုံမှ ဖြစ်သည်။

အလားတူ အခြားသော ဖက်ရှင်အမှတ်တံဆိပ်လုပ်ငန်း Zara ကလည်း ၎င်းတို့၏ အဝတ်အထည်များကို ထုတ်လုပ်နေသော Inditex ကုမ္ပဏီအနေဖြင့် မြန်မာမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း မကြာသေးခင်က ကြေညာသည်။

စစ်ကောင်စီသည် ဇွန်လ ၁၄ ရက်က အလုပ်သမား ၁၀ ဦးကို ဖမ်းဆီးခဲ့ရာတွင် ဖမ်းဆီးခံရသူများအနက် တချို့သည် Zara နှင့် JAKO အမှတ်တံဆိပ် အဝတ်အထည်များကို ထုတ်လုပ်ပေးနေသော အထည်ချုပ်စက်ရုံများမှ အလုပ်သမားများဖြစ်သည်။

အလုပ်သမား အခွင့်အရေးများကို လေးစားလိုက်နာရေးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ပဋိညာဉ်ကို လိုက်နာရေး အီးယူက တောင်းဆိုသည်။

အထည်ချုပ်စက်ရုံများသည် ယခုနှစ် မေလက ဥရောပနှင့် အမေရိကန်မှ ကုမ္ပဏီများ မှာယူခဲ့သော အဝတ်အထည်များကို ထုတ်လုပ်ပေးလျက် ရှိသည်။ ၎င်းတို့သည် ပုံမှန်ထက် အလုပ်အမှာစာများ ပိုမို ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ အထည်အလိပ် ထုတ်လုပ်သူများအသင်းက ပြောသည်။

တစ်ဘက်တွင်လည်း အထည်ချုပ်လုပ်ငန်းတွင် အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု အလုပ်သမား အစည်းအရုံးများက ပြောသည်။

မြန်မာသည် ၂၀၂၂ ဇန်နဝါရီမှ စက်တင်ဘာလအထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ အဝတ်အထည်များ ပြည်ပတင်ပို့ခဲ့နိုင်ကြောင်း မြန်မာ့အထည်ချုပ်လုပ်ငန်း စောင့်ကြည့်မှု မီဒီယာ EcoTextile က ဖော်ပြသည်။

မြန်မာသည် ယခုနှစ် ဧပြီလတစ်လတည်းမှာပင် ဒေါ်လာ သန်း ၄၀၀ နီးပါး တန်ဖိုးရှိ အဝတ်အထည်များ တင်ပို့နိုင်ခဲ့သည်။

မြန်မာ အထည်ချုပ်လုပ်ငန်းအတွင်း အလုပ်သမားများ အချိန်ပို အတင်းအကျပ် ခိုင်းစေခံရမှုများ၊ အခြေခံလစာများ တိုးမြှင့်ပေးရေး ငြင်းဆန်ခံရမှုများ၊ အလုပ်သမား အစည်းအရုံးဝင်များ အလုပ်မှ ထုတ်ပယ်ခံရမှုများနှင့် အခြားကိစ္စများ ပျံ့နှံ့ဖြစ်ပေါ်နေခဲ့ကြောင်း အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required