ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်သည်ဆိုသော သတင်းအမှား 

By ZZ (မဇ္ဈိမ)
08 July 2023
ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်သည်ဆိုသော သတင်းအမှား 

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်တခု ဇူလိုင်လ ၅ ရက်နေ့က မီးလောင်ကျွမ်းခဲ့သည် ဆိုသောသတင်း လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။ 

“အမွှေစိန်”တယ်လီဂရမ်ချန်နယ်က “ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက် မီးလောင်???” ဟု (မူရင်းအရေး အသားအတိုင်း) စတင်ဖြန့်ဝေထားသည့်သတင်းတွင် အဆောက်အဦးတခုမီးလောင်နေသည့် ဗီဒီယိုဖိုင် လည်းပါဝင်နေသည်။ ထိုအကြောင်းကို အခြား တယ်လီဂရမ်ချန်နယ်နှင့် ဂရု ၂၈ ခုတွင်လည်း ပျံ့နှံ့နေ သည်။

ယင်းဗီဒီယိုဖိုင်ဖြင့်ပင် “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က “NUG အကြမ်းဖက်အဖွဲ့ကကောင်တွေ ရောက် တဲ့နိုင်ငံနဲ့ဒေသတွေမှာ မတည်ငြိမ်မှုဖြစ်ပွားနေ၊ ယခုလည်း ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက်လည်း မီး လောင်သွားပြီဖြစ်ပါတယ်” ဟုရေးသားကာ ပြန်လည်ဖြန့်ဝေထားသည်။ အဆိုပါ အကြောင်းအရာမှာ ဖေ့စ်ဘုတ်၌လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူစုစုပေါင်း ၂၀၀,၀၀၀ ကျော် နေပြီဖြစ်သည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာတွင် ဗီဒီယိုဖိုင်ပါ စာကြည့်တိုက်မှာ ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက် မီးလောင်ခြင်းမဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ 

ပြင်သစ်နိုင်ငံ၏ အကြီးဆုံးစာကြည့်တိုက်ကို "France Largest Library" ဟုသည့် စကားလုံးဖြင့် Google တွင် ရှာဖွေခဲ့ရာတွင် ပြင်သစ်အမျိုးသားစာကြည့်တိုက်(Bibliothèque Nationale de France)ကို တွေ့ရှိ ခဲ့သည်။ ယခုမီးလောင်နေသည့် ဗီဒီယိုဖိုင်ပါ အဆောက်အဦးနှင့်မတူညီပေ။ လင့် - https://www.bnf.fr/fr 

မီးလောင်နေသည့် အဆောက်အဦးမှာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စာတိုက်ရုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလ ၂၂ ရက်နေ့က မီးလောင်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကို AP သတင်းဌာနက နှစ်ပေါင်း ၁၀၀ နီးပါး သက် တမ်းရှိသည့် ဖိလစ်ပိုင်မြို့တော်ရှိ ပင်မစာတိုက်ကြီး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ လင့် - https://bit.ly/44AOsrA 

လက်ရှိဖြစ်ပွားနေသောအဓိကရုန်းများကြောင့် ပြင်သစ်စာကြည့်တိုက် မီးလောင်ခဲ့ကြောင်း သတင်းတုမှာ တွစ်တာတွင်လည်း ပျံ့နှံ့ခဲ့သည်။ ထိုအကြောင်းကို အချက်အလက် စစ်ဆေးသည့် အဖွဲ့ဖြစ်သည့် Full Fact အဖွဲ့က ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် မီးလောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်ထားသည်။ လင့် - https://bit.ly/44An90u 

ထို့ကြောင့် ပြင်သစ်နိုင်ငံ ၏အကြီးဆုံးစာကြည့်တိုက်မီးလောင်သည်ဆိုသောသတင်းမှာ မှားယွင်းနေပြီး အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ စာတိုက်ရုံးမီးလောင်ခဲ့စဉ်က ဗီဒီယိုအား လွဲမှား စွာ ဖော်ပြထား ခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly