ထိုင်းတွင် မြန်မာကလေးငယ်များအား နေရပ်ပြန်ပို့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်

ထိုင်းတွင် မြန်မာကလေးငယ်များအား နေရပ်ပြန်ပို့ခြင်းအတွက် ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်
Photo-AFP

ထိုင်းနိုင်ငံ အန့်ထောင်းအရပ်အရှိ ထိုင်းရတ်ရှ် ဝတ်တာယာ အမှတ် (၆ )ကျောင်းမှ မြန်မာတိုင်းရင်းသား လူနည်းစုကလေးငယ် ၁၂၆ ဦးကို မြန်မာနိုင်ငံဆီ နေရပ်ပြန်ပို့သည့် ထိုင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို ပညာရှင်များနှင့် NGOs များက ဝေဖန်ပြစ်တင်လျက် ရှိသည်။

ဆရာ နှစ်ဦးတည်းသာ ရှိသည့် ထိုင်းရတ်ရှ် ဝတ်တာယာ အမှတ်( ၆ )ကျောင်းတွင် တိုင်းရင်းသား ကလေးငယ်အများအပြား ကျောင်းအပ်နှံကြကြောင်း ဒေသခံများက ဇွန်အစောပိုင်း၌ အာဏာပိုင်များထံ တင်ပြထားခြင်း ဖြစ်သည်။ ချင်းရိုင်ပြည်နယ် အခါကျေးရွာတစ်ရွာမှ ၎င်းတို့ကို ခေါ်ယူလာခဲ့ခြင်း ဖြစ်ကြောင်း ကလေးငယ်အများစုက စကားပြန်တစ်ဦးကို ပြောဆိုသည်။

သို့ရာတွင် အန့်ထောင်းရှိ ထိုင်းရတ်ရှ် ဝတ်တာယာ အမှတ်( ၆ )ကျောင်းမှ တိုင်းရင်းသား လူနည်းစု ကလေးငယ် ၁၂၆ ဦးစလုံးကို ချင်းရိုင်သို့ ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် မိဘများက ကလေးများကို မြန်မာနိုင်ငံသို့ ခေါ်ယူကြရလိမ့်မည် ဖြစ်သည်။ အန့်ထောင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ အန့်ထောင်း လူမှုဖွံ့ဖြိုးရေးနှင့် လူမှုလုံခြုံရေး ပြည်နယ်ရုံးနှင့် အခြား သက်ဆိုင်ရာ ဌာနများက ကလေးငယ်များ နေရပ်ပြန်ပို့ခြင်းကို စီစဉ်ဆောင်ရွက်ကြခြင်း ဖြစ်သည်။

မိဘများက ပြန်လည်ခေါ်ယူမည်ဟု ပြောဆိုလာသည့်နောက် ကလေးငယ် ၃၀ ကို ၎င်းတို့၏ နေရပ်သို့ ပြန်ပို့ထားပြီးဖြစ်ကြောင်း လူမှုဖွံ့ဖြိုးရေးနှင့် လူမှုလုံခြုံရေး ပြည်နယ်ရုံးမှ သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။ ကျန်ရှိ ကလေးငယ်များမှာ ချင်းရိုင်ရှိ လူမှုဖွံ့ဖြိုးရေးနှင့် လူမှုလုံခြုံရေး ပြည်နယ်ရုံးတွင် ရှိနေပြီး မြန်မာနိုင်ငံဆီ ပြန်ရန် စောင့်ဆိုင်းလျက် ရှိနေသည်။

ကလေးငယ်များသည် နိုင်ငံမဲ့ ဖြစ်နေလင့်ကစား ထိုင်းနိုင်ငံတွင်း၌ ရွှေ့ပြောင်းလုပ်သား ကလေးငယ်များအနေဖြင့် ပညာသင်ကြားခွင့်ရှိသည့် ဥပဒေ ရှိနေခြင်းကြောင့် ယခုကဲ့သို့ တိုင်းရင်းသား လူနည်းစု ကလေးငယ်များကို နေရပ်ပြန်ပို့ခြင်းက မသင့်တော်သကဲ့သို့ မလိုအပ်သော လုပ်ရပ်ဖြစ်သည်ဟု ချင်းမိုင်တက္ကသိုလ် ဥပဒေမဟာဌာန လက်ထောက်ဌာနမှူး ပါမောက္ခ ဒါရူနီက ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးရုံးအနေဖြင့် နိုင်ငံမဲ့ ကလေးငယ်များကို မှတ်ပုံတင်နံပါတ်များ ထုတ်ပေးသင့်ပြီး ပညာရေးစနစ်တွင် မှတ်ပုံတင်ပေးသင့်ကြောင်း သူမက ပြောသည်။ ကလေးငယ်များ အခွင့်အရေး ဥပဒေအရ ထိုင်းနိုင်ငံတွင်းက ကလေးငယ်အားလုံး ပညာသင်ကြားခွင့် ရရှိနိုင်သည်။

မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစု ကလေးငယ် အများအပြားကို ၎င်းတို့၏ ဆွေမျိုးများ၏ ပညာသင်ကြားစေလိုသော ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ကြကြောင်း တိုင်းရင်းသားရေးရာနှင့် ရွှေ့ပြောင်းဝင်ရောက် ကလေးငယ်များ ပညာသင်ကြားရေးစင်တာ ညွှန်ကြားရေးမှူး ဝီရာ ယောရမ်က ပြောသည်။

ကလေးငယ်များအား ပြည်ရပ်နှင်ခြင်းသည် ရက်စက်လွန်းသည်ဟု ၎င်းက ဆိုသည်။

“ထိုင်းတာဝန်ရှိသူတွေက ကလေးငယ်တွေကို ချင်းရိုင်မှာ ပညာသင်ကြားစေလိုတယ်ဆိုရင် ကျောင်းဝင်ခွင့်အတွက် ဒေသကျောင်းတွေနဲ့ ဆက်သွယ်လုပ်ဆောင်ပေးရမှာပေါ့၊ ခုလို နေရပ်နှင်တာကတော့ ကလေးတွေကို ပညာရေး ဆုံးရှုံးစေတာပဲ”ဟု ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required