Mytel တာဝါတိုင် ၁၀၀ နီးပါးတွင် စစ်ကောင်စီတပ် မိုင်းထောင်ထား၍ ပြည်သူများသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

By ရွှေနွယ်( မဇ္ဈိမ )
07 July 2023
Mytel တာဝါတိုင် ၁၀၀ နီးပါးတွင် စစ်ကောင်စီတပ် မိုင်းထောင်ထား၍ ပြည်သူများသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် Mytel တာဝါတိုင်ဗုံးပေါက်ကွဲ၍ ပြိုကျသွားပုံ (ပုံဟောင်း)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်အချို့တွင် စစ်ကောင်စီတပ်က  မိုင်းများထောင်ထားသောကြောင့် ပြည်သူများ သတိပြုသွားလာကြရန်  ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။

ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ Mytel တာဝါတိုင် ၉၇ တိုင်တွင် ၂၀၂၂ ခုနှစ်အတွင်းက တစ်တိုင်လျှင် မိုင်း ငါးလုံးနှုန်းဖြင့် ထောင်ထားခြင်းဖြစ်ကြောင်း အင်းမမြို့အခြေစိုက် တပ်မ (၆၆) မှ CDM ပြုလုပ်လာသူ တပ်သားက ပြောသည်ဟု သိရသည်။ 

"လက်ရှိမှာ လွတ်မြောက်နယ်မြေရောက်နေတဲ့ CDM မိုင်းစစ်ဆင်ရေးတပ်သားက ဒါတွေကို သူကိုယ်တိုင်လိုက်ဆင်ခဲ့တာဖြစ်တဲ့အတွက် သူသတိပေးတယ်ပေါ့နော်။ ကျွန်တော်တို့လည်း မနှစ်ကတည်းက ဒီသတင်းတွေကြားတယ်     ဆန်းစစ်ကြည့်တာ တချို့လည်းရှိတယ် ။ တချို့တိုင်တွေမှာတော့ မိုင်းထောင်ထားတာမရှိပါဘူး။ ထောင်ထားတဲ့တိုင်တွေလည်းရှိတယ်ပေါ့။ ဖောက်ခွဲမှုများတဲ့မြို့တွေ ဥပမာ မင်းလှမြို့တို့လိုပေါ့ ။ ဒီလိုနေရာတွေမှာ ထောင်ထားတာမျိုးတော့ရှိမယ်။ မြို့တိုင်း တိုင်တိုင်းလို့တော့ မယူဆဘူး။ ဒါပေမဲ့ ပြည်သူတွေသတိထားသွားလာနိုင်ဖို့ သတိပေးတာပါ" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

 စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအနောက်ခြမ်းတွင်  Mytel ၏ တာဝါတိုင် ၁၀ ခုနှင့်အထက်အား ဖောက်ခွဲထားပြီးဖြစ်ကြောင်း  ပြန်ကြားရေးတာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။

စစ်ကောင်စီပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဆက်သွယ်ရေးအော်ပရေတာ MYtel မှ  ဆက်သွယ်ရေးတာဝါတိုင်အများစုသည် လူသူသွားလာမှုများပြားရာ မြို့ရွာရပ်ကွက်များအတွင်းရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိုပြုမူခြင်းများသည် ၎င်းတို့၏ပိုင်ဆိုင်မှုအတွက် ပြည်သူ၏အသက်အန္တရာယ်ကို ဂရုမစိုက်ခြင်းပင်ဖြစ်ကြောင်း ၎င်းကပြောသည်။

" Mytel တာဝါတိုင်ဖောက်ခွဲမှုက ကျွန်တော်တို့ ပဲခူးတိုင်းအနောက်ခြမ်းမှာ လုပ်သင့်တာထက်တော့ လျော့ပါတယ်။ ဒါကို ရပ်ထဲရွာထဲလူသွားလာနေတဲ့နေရာတွေမှာ ဒါမျိုး မိုင်းထောင်တယ်ဆိုတာဟာ ပြည်သူ့အသက်ကို တန်ဖိုးမထားတာပါ။ ဒီနေရာတွေဆိုတာ လူတွေ သွားကြလာကြတဲ့နေရာတွေပါ။ ဒါမျိုးလုံးဝမလုပ်သင့်ပါဘူး" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ကြို့ပင်ကောက်မြို့၌ ည ၁၂နာရီအချိန်ခန့်တွင် Mytel တာဝါတိုင်ရှိရာလမ်းမှ ဖြတ်သန်းသွားလာမိသော ပြည်သူတစ်ဦးအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သေဆုံးသွားသူမှာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းဦးဖြစ်ပြီး ၎င်းသည် ဇနီးဖြစ်သူနှင့်အတူ ဆိုင်းပွဲကြည့်၍ ပြန်လာစဉ်  ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ သို့သော် Mytel တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲရန်လာသည့် PDFတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။ 

 ဦးသန်းဦးသည် PDF နှင့်ပတ်သက်ဆက်စပ်မှုမရှိသည့် သာမာန်အရပ်သားပြည်သူတစ်ဦးသာဖြစ်ကြောင်း ဒေသခံများနှင့် ကြို့ပင်ကောက်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဇ္ဈိမကိုအတည်ပြုပြောကြားထားသည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စစ်တပ်ပိုင်  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၏ လက်အောက်ခံ Star High ကုမ္ပဏီ၊  ဗီယက်နမ်ပိုင် Viettel ကုမ္ပဏီနှင့် Myanmar National Telecom Holding တို့ကြား ၂၀၁၇ ခုနှစ်မှစတင်ကာ ဖက်စပ်လုပ်ကိုင်ခဲ့သည့်လုပ်ငန်းတစ်ခုဖြစ်သည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်းကြောင်းတွင်ပါဝင်နေသည့်အပြင် ပြည်သူများ၏ ဆက်သွယ်ရေးလုံခြုံရေး ချိုးဖောက်မှုများလည်းရှိနေသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Mytel တာဝါတိုင်များကို ပစ်မှတ်ထားဖောက်ခွဲမှုများပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများပြင်းထန်နေသည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆက်သွယ်ရေးတာဝါတိုင် ၄၀၀ ကျော်ခန့်ပျက်စီးထားကြောင်း Spring Revolution Security က ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မြို့ပေါင်း ၃၀၀ ကျော်၊ လူဦးရေ ၈၀ ရာခိုင်နှုန်းသို့လွှမ်းခြုံထားနိုင်ပြီး နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးတာဝါတိုင် (Base Transceiver Station) ၅,၀၀၀ ခန့် ဆောက်လုပ်ထားပြီးဖြစ်ကြောင်း  ထိုကုမ္ပဏီ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာများကို ၎င်းတို့လက်အောက်ခံအဖြစ်ထားရှိခြင်း၊ မြန်မာနိုင်ငံရှိ အချို့သောနေရာများတွင် Mytel ဆက်သွယ်ရေးလိုင်းတစ်မျိုးသာရရှိစေရန်ပြုလုပ်ထားခြင်းနှင့်အတူ အခြားဆက်သွယ်ရေးကုမ္ပဏီများအားလည်း ဖုန်းကြားဖြတ်ခြင်းကိရိယာများကို တပ်ဆင်ထားရန် အမိန့်ပေးထားခြင်းရှိကြောင်း Spring Revolution Security ၏ စစ်တမ်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။    ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly