လယ်ကူစိုက်ပေးနေသည့် PDF များ၏ ပုံကိုအသုံးပြုပြီး ပိုင်ရှင်ကိုသတ်ကာ လယ်မြေအတင်းအဓမ္မယူဟု သတင်းမှားဖြန့် 

By ZZ (မဇ္ဈိမ)
06 July 2023
လယ်ကူစိုက်ပေးနေသည့် PDF များ၏ ပုံကိုအသုံးပြုပြီး ပိုင်ရှင်ကိုသတ်ကာ လယ်မြေအတင်းအဓမ္မယူဟု သတင်းမှားဖြန့် 

ပြည်သူများ၏ လယ်ယာများတွင် ကူညီပေးနေသည့် PDF များ၏ဓာတ်ပုံများကို အသုံးပြုကာ ပိုင်ရှင်အမျိုးသားအားသတ်ပြီး လယ်မြေကိုအတင်း အဓမ္မယူထားသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။ 

“အမဲလိုက်မုဆိုးကြီး သတင်းအမှန်” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဇူလိုင်လ ၃ ရက်နေ့တွင်  “လယ်ပိုင် ရှင်အမျိုးသားကိုသတ်ပြီး၊ ကျန်ရစ်သူအမျိုးသမီးနဲ့ကလေးကို ရွာမှမောင်းထုတ်ကာ လယ်မြေကို အဓမ္မ နည်းနဲ့ရယူပြီး လယ်ဝင်လုပ်နေတဲ့ မန္တလေးတိုင်းထဲက PDF အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးက ဒါလား” ဟု ရေးသားဖြန့်ဝေထားသည်။ ထိုဖြန့်ဝေမှုတွင် လယ်စိုက်နေသည့် ပြည်သူကာကွယ်ရေးတပ်သားများ၏ ပုံ လေးပုံလည်း ပါဝင်သည်။ 

ထိုအကြောင်းသည် တယ်လီဂရမ်ချန်နယ်နှင့် ဂရုခြောက်ခုတွင် ပျံ့နှံ့နေပြီး ဖတ်ရှုသူ ၁၀,၀၀၀ ကျော်နေပြီ ဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ သတင်းတုပါပုံများကို စစ်ဆေးခဲ့ရာတွင် ထိုပုံများမှာ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပုံများဖြစ်နေသည်ကို တွေ့ရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၏ ဖေ့စ်ဘုတ်ပေ့ချ်ဖြစ်သည့် “Mandalay People's Defence Force” မှ ဇွန်လ ၂၉ ရက်နေ့တွင် “ပြည်တော်ဝင်မယ့် MDYPDF ရဲ့ ရဲဘော်တွေရဲ့ ရှေ့တန်းတနေရာမှာ ပြည်သူ့လယ်ယာတွေကို ဝိုင်းကူလုပ်ပေးနေကြတဲ့ ပုံလေးတွေပါ” ဟုဆိုကာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဝင်များ လယ်စိုက်နေကြသည့်ပုံများကို ဖော်ပြထားသည်။ လင့် - https://shorturl.at/fkxG1

ထို့ပြင် သတင်းမီဒီယာများတွင်လည်း လယ်ပိုင်ရှင်အား မန္တလေး PDF များက သတ်ဖြတ်ခဲ့ကြောင်းရေး သားဖော်ပြခဲ့ခြင်း မရှိပေ။ 

ထို့ကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်းမှာ မန္တလေး PDF ၏ ပြည်သူ့လယ်ယာများအား ဝိုင်းကူ လုပ်ပေးနေကြသောပုံများဖြင့် လယ်ပိုင်ရှင်အားသတ်ကာ လယ်မြေအား အတင်းအဓမ္မရယူထားသည်ဟု ဆိုကာ သတင်းမှားဖြန့်ဝေနေကြခြင်းသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

#Misinformation_Buster
#Fake_News 
#MDYPDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly