လက်ပံတန်းရဲစခန်းတိုက်ခိုက်ခံရမှုအပြီး အရပ်သားဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရ

By ရွှေနွယ်( မဇ္ဈိမ )
04 July 2023
လက်ပံတန်းရဲစခန်းတိုက်ခိုက်ခံရမှုအပြီး အရပ်သားဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းနှင့် လောင်းကစားဝိုင်းတိုက်ခိုက်ခံရကာ ရဲတပ်ကြပ်နှစ်ဦးနှင့်ပျူစောထီး နှစ်ဦး သေဆုံးပြီးနောက်  အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းအား စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ မဇ္ဈိမကိုပြောသည်။

လက်ပံတန်းမြို့နယ်၊ ပေါက်တောစုကျေးရွာအုပ်စု၊ အောင်မင်္ဂလာရွာမှ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ ကိုစိုးနိုင်ထွန်း၊ ဦးမြင့်ကြိုင်သားအဖနှင့် မဝတ်ရည်စိုးဆိုသူအပါအဝင် အခြားပြည်သူများကို ဇူလိုင် ၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

"စစ်ကောင်စီအတွက် ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ခံယူထားတဲ့ ခမုံဆိပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းရွာက ပျူခေါင်းဆောင် သိန်းဇော်ဦးက ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့အတူ လိုက်ဖမ်းသွားတာပါ” ဟု လက်ပံတန်းမြို့ဒေသခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံရသော အရပ်သားအရေအတွက် အတိအကျနှင့် ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လက်ပံတန်းမြို့တွင် ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခန့်က ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ဘူတာရုံကြားမှ လောင်းကစားဝိုင်းအား PDF တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) ရွှေတန်းမြေ PDF နှင့် The Sentry မဟာမိတ်ပူးပေါင်းအဖွဲ့မှ တစ်ပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီးတစ်ဦး၊ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးဆိုသူ နှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအပြီးမှစတင်ကာ လက်ပံတန်းမြို့တွင် အစစ်အဆေးများတင်းကျပ်နေပြီး ယခုကဲ့သို့ အရပ်သားပြည်သူများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အလားတူ မင်းလှမြို့နယ်တွင်လည်း ဇွန်လ ၃၀ ရက်နေ့က ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင်ကျေးရွာ စိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့သည်။

ထို့နောက် မင်းလှမြို့နယ် ဇရစ်မြှောင်ကျေးရွာမှ အရပ်သားပြည်သူ သုံးဦးအား လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံမှပြောသည်။

မင်းလှမြို့နယ်မှ ဖမ်းဆီးခံရသူ သုံးဦး၏ အမည်နှင့်အသေးစိတ်အချက်အလက်များအား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

“အဓိကကတော့ PDF တွေကို ဖမ်းလို့မနိုင်လို့ ပြည်သူတွေကိုဖမ်းတာဗျ။ မကြောက်ကြောက်အောင်လုပ်တာပေါ့ဗျာ။ အစစ်အဆေးလည်းကြမ်းနေပါတယ်" ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီအနေဖြင့် ပဲခူးတိုင်းအနောက်ခြမ်းတွင် ယခုကဲ့သို့ ပစ်ခတ်ခံရမှုများနှင့် ပေါက်ကွဲမှုများဖြစ်ပွားပြီးသည့်အချိန်တိုင်းတွင် ဖြစ်စဉ်နှင့်ပတ်သက်မှုမရှိသော အရပ်သားပြည်သူများအား ဖမ်းဆီးလေ့ရှိသည်ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း လက်ပံတန်းမြို့နယ် ရဲစခန်း၊ တရားရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့တည်ရှိရာ လမ်းဆုံ၌ ထရန်စဖော်မာအနီး ဗုံးတွေ့ရှိသဖြင့် စစ်ကောင်စီတပ်မှ အရပ်သားပြည်သူ ခြောက်ဦးကိုဖမ်းဆီးသွားခဲ့သည်။

ထို့ပြင် ဧပြီလအတွင်း အုတ်ဖိုမြို့နယ်၌လည်း မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၁၀ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သေးသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required