ခင်ဦးမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ဟုဆို

By ပါခွီး (မဇ္စျိမ)
02 July 2023
ခင်ဦးမြို့နယ်အတွင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး ဟုဆို

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း Black Wolf – Army က ဇူလိုင်လ ၁ရက်နေ့တွင် ထုတ်ပြန်သည်။

ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၆၀ပါသော စစ်ကြောင်း နှစ်ကြောင်းကို ဇွန်လ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ စစ်ကြောင်း နှစ်ကြောင်းလုံးကို ဗုံးချတိုက်ခိုက်ခဲ့တာပါ။ လတ်တလော အခြေအနေမှာ စစ်ရေးတင်းမာနေပါတယ်” ဟု Black Wolf – Army တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သော Who Am I ၊ Forest Fighter – Army နှင့် ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ထိုသို့  စစ်ကြောင်းထိုးနေ၍ ခင်ဦးမြို့နယ် အနောက် တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသခံ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂ ရက် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly