Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံကထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဆိုသည့် သတင်းအမှား 

By ZZ (မဇ္ဈိမ)
01 July 2023
Pact-Myanmar ချေးငွေလုပ်ငန်း မြန်မာနိုင်ငံကထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဆိုသည့် သတင်းအမှား 

Pact-Myanmar (ပက်မြန်မာ) ချေးငွေလုပ်ငန်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်းမှာ PDF များကြောင့်ဟုဆိုသည့် သတင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။ 

"စစ်သွေး" တယ်လီဂရမ် ချန်နယ်မှ ဇွန်လ ၂၇ ရက်နေ့တွင် “သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့..." ဟုဆိုကာ Pact-Myanmar ထွက်ခွာရခြင်းမှာ မတ်လ ၄ရက်နေ့က မင်းဘူးမြို့တွင် PDF များမှ ချေးငွေကောက်ခံသူများအား စစ်ကောင်စီနှင့်ဆက်စပ်၍ ဖမ်းဆီးကာ ငွေကြေးများအား သိမ်းဆည်းခြင်း၊ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာပြည်က ထွက်ခွာရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ဆိုကာ ရေးသားဖြန့်ဝေထားသည်။ 

ထိုအကြောင်းသည် အခြား တယ်လီဂရမ် ချန်နယ် ၁၉ ခုတွင်လည်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၈၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ 
ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

အမေရိကန် အခြေစိုက် ချေးငွေလုပ်ငန်းဖြစ်သည့် Pact Global Microfinance Fund (PGMF) မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းနှင့်ပတ်သက်၍ PDF များကြောင့် ဟုတ်မဟုတ် မဇ္ဈိမအချက်အလက် စစ်ဆေးသူများမှ အချက်အလက် စစ်ဆေးခဲ့သည်။ 

PGMF ၏ ဝက်ဆိုဒ်မှ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှ ၎င်းတို့အဖွဲ့အား ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့အား မျှဝေခိုင်းခြင်း၊ ထို့နောက်တွင် လုပ်ငန်းတစ်ခုလုံးအား စစ်ကောင်စီထံ လွှဲပြောင်းပေးရန် တောင်းဆိုချက်များကြောင့် ရပ်နားခဲ့ရခြင်း ဖြစ်ကြောင်းကို ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ PDF များ၏ ခြိမ်းခြောက်မှုကြောင့်ဟု မပါဝင်ချေ။ လင့် - https://bit.ly/3NROF4i 

အလားတူပင် PGMF နှင့် ဆက်စပ်သည့် Pact Myanmar မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကို လွတ်လပ်သည့် သတင်းဌာနများတွင်လည်း သတင်းဖော်ပြခဲ့ကြသည်။ ထိုဖော်ပြမှုများတွင် မြန်မာအာဏာပိုင်များက အသင်းအဖွဲ့ ပြန်လည်မှတ်ပုံတင်ခိုင်းခြင်း၊ အမြတ်အချို့ကို မျှဝေပြီးနောက်ပိုင်း လုပ်ငန်းတစ်ခုလုံး လွှဲပြောင်းပေးရန် တောင်းဆိုခြင်းများကြောင့် ချေးငွေလုပ်ငန်းကို ရပ်နားလိုက်ရကြောင်း တညီတညွတ်တည်း ဖော်ပြကြသည်။ 
လင့် - https://bit.ly/3CRxJoc , https://bit.ly/3PEg5fo , https://bit.ly/3NBygiS 

အချက်အလက် စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် Fact Crescendo Myanmar မှလည်း ဇွန်လ ၃၀ ရက်နေ့တွင် Pact Myanmar လုပ်ငန်းပိတ်သိမ်းခြင်းသည် NUG၊PDF များကြောင့်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း ဖော်ပြထားသည်။ လင့် - https://shorturl.at/djxV2 

စစ်သွေး မှ ဖြန့်ဝေထားသည့် မတ်လ ၄ ရက်နေ့က ဖြစ်စဉ်မှာ မင်းဘူး မြို့နယ်တွင် PDF အနောက်ပိုင်းတိုင်း တပ်ခွဲမှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသော ငွေချေးလုပ်ငန်းများဖြစ်သည့် Pact Myanmar နှင့် BG Microfinance ငွေချေးလုပ်ငန်းများအား စစ်ဆေးမေးမြန်းခဲ့ပြီး စာရွက်စာတမ်း၊ ဖုန်းကဒ်၊ ဖုန်းနှင့် ငွေကျပ်သိန်း ၅၀ ကျော်ကို သိမ်းဆည်းခဲ့သည့်ဖြစ်စဉ် ဖြစ်သည်။ 
မင်းဘူး မြို့နယ်တွင် စစ်တပ် ထုတ်ကုန်များ၊ စစ်တပ်နှင့် ပတ်သက်မှုရှိသည့်‌ ချေးငွေလုပ်ငန်းများကို ပြည်သူများ ခက်ခဲနေချိန် တော်လှန်ရေးကာလအတွင်း ပိတ်ပင်ထားပြီး မလိုက်နာသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း မဲခေါင်သတင်းမှာ ဖော်ပြထားသည်။ 
လင့် - https://bit.ly/3Xx6IQl 

ဒေသခံကာကွယ်ရေးတပ်များ၏ ဖမ်းဆီးမှုမှာ မင်းဘူး မြို့နယ်တွင်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ချေးငွေကောက်ခံခြင်းကို ပိတ်ပင်ခြင်းဖြစ်သည်။ 
PGMF ၏ ထုတ်ပြန်ချက်တွင် PDF များကြောင့်ဟု မပါဝင်ဘဲ စစ်ကောင်စီ၏ တောင်းဆိုချက်များကြောင့်ထွက်ခွာရခြင်းဖြစ်သည်။ ထို့ကြောင့် PDF များကြောင့် Pact Myanmar လုပ်ငန်းများ မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းမှာ သတင်းအမှားသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာမူတည်းဖြတ် ။    ။ သန့်ဇော် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly