ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်း ၇ ခုတွင် အကူအညီများလိုအပ်

By KMN  (မဇ္ဈိမ)
30 June 2023
ဆားလင်းကြီးမြို့နယ် စစ်ရှောင်စခန်း ၇ ခုတွင် အကူအညီများလိုအပ်
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများအဖွဲ့  (ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်များ)

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ခုနစ်ခုရှိပြီး အစားအစာနှင့်အကူအညီများလိုအပ်နေကြောင်း ကူညီပေးနေသည့် ဒေသခံအဖွဲ့က ပြောကြားသည်။

"ထမင်းတစ်နပ်အတွက်အနည်းဆုံး ၃၀၀,၀၀၀ ကုန်ကျပါတယ်။ နယ်မြေအခြေအနေအရ ကုန်ဈေးနူန်းတွေလည်းတတ်နေတယ် ။ကျွန်တော်တို့ အဖွဲ့အနေနဲ့ တတ်နိုင်သလောက်ကူညီပေးနေပါတယ်။စစ်ရှောင်တွေအနေနဲ့ ရက်ရှည်စစ်ရှောင်ရတဲ့အတွက် စားရေးသောက်ရေး အခက်ခဲရှိနေပါတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဆားလင်းကြီးမြို့နယ်တွင်းက စစ်ရှောင်ပြည်သူများအား ထမင်း၂၁ နပ်တိတိလှူဒါန်းနိုင်ခဲ့ပြီး ယနေ့ဇွန်လ ၃၀ ရက် မနက်တွင် စစ်ရှောင်စခန်းတစ်ခုအား ငွေကျပ် ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခဲ့သည်။

ထိုစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည့်နောက်ပိုင်း တွင် မုံရွာတစ်ဖက်ကမ်းမှစစ်ကောင်စီတပ်သားများ လာရောက်ကာ ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်အား စစ်ကြောင်းထိုးကာမီးရိူ့နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်  မီးရိူ့နေခြင်းကြောင့် ဒေသခံဦး‌ေရ ထောင်ချီသည် အမြဲလိုလိုစစ်ဘေးရှောင်နေရကြောင်း  အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။ 

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly