မင်းတပ်မြို့တွင်း စစ်ကောင်စီအခြေစိုက်ရာနေရာ ၃ ခုကို CDF တိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
29 June 2023
မင်းတပ်မြို့တွင်း စစ်ကောင်စီအခြေစိုက်ရာနေရာ ၃ ခုကို CDF တိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်အခြေစိုက်နေရာ သုံးခုကိုသွားရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ထံက သိရသည်။

မင်းတပ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ခလရ (၂၇၄) တပ်ကုန်း၊ အရှေ့ပြင်မီးသတ်ကုန်းနှင့် အထွေထွေဦးစီးဌာနရုံးများကို ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည်။

“ ကျနော်တို့ တပ်တွေက စစ်ကောင်စီအခြေစိုက်တဲ့နေရာတွေကို သွားပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး” ဟု CDF – Mindat ရဲဘော်တစ်ဦးက မဇ္စျိမသို့ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှထိခိုက်မှုများရှိနိုင်ပြီး သေဆုံးဒဏ်ရာရရှိသည့် အသေးစိတ်အခြေအနေကို မသိရှိရကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏တပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် မင်းတပ်မြို့နယ် တိုက်နယ် (၃) လုံခေးရွာရှိ ဘုန်းကြီးကျောင်းတစ်ဆောင်နှင့် လူနေအိမ် နှစ်လုံးပျက်စီးခဲ့ကြောင်းသိရသည်။

ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် ကျောက်ထုမှ မင်းတပ်မြို့နယ်သို့ ထွက်ခွာလာသော ယာဉ်ကိုးစီးပါ စစ်ကောင်စီတပ်နှင့် ရွှေအောင်သာကျေးရွာ နှောစေတီကုန်းအနီးတွင် တိုက်ဖြစ်ပွားခဲ့ကြောင်း CDF – Mindat က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တစ်နာရီနီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းဆိုသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၉ နာရီ ၄၀ မိနစ်အချိန်မှ ၁၀နာရီအတွင်း ခုနစ်ကြိမ် ဗုံးချတိုက်ခိုက်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်းသိရသည်။

ယနေ့ ဇွန်လ ၂၉ ရက်အထိသိရသော သတင်းများအရ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ရွှေအောင်သာဘက်မှတဆင့် ကျောက်ထုမြို့ နယ်၊ ကြီးရွာတွင် စခန်းချနေကြောင်းသိရသည်။

စာတည်း ။  ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly