၃ လအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၀၀ ကျော် သေဆုံးပြီး ၇၀ နီးပါး ဖမ်းဆီးခံရ

By 001 (မဇ္စျိမ)
29 June 2023
၃ လအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၀၀ ကျော် သေဆုံးပြီး ၇၀ နီးပါး ဖမ်းဆီးခံရ
Photo - ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

၂၀၂၃ ခုနှစ် ဧပြီလမှ ဇွန်လ ၂၅ ရက်နေ့အထိ သုံးလအတွင်း တိုင်းနှင့် ပြည်နယ်များတွင် စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၇ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသမီးများမှာ စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် ၆၂ ဦး၊ လက်နက်ကြီးပေါက်ကွဲမှု ကြောင့် ၂၂ ဦး၊ ဖမ်းဆီးထိန်းသိမ်း၍ သတ်ဖြတ်ခံရမှုကြောင့် ငါးဦး၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရမှု ကြောင့် ၁၆ ဦးနှင့် ပစ်သတ်ခံရမှုကြောင့် ၁၀ ဦး သေဆုံးခဲ့ရကြောင်း BWU ကဖော်ပြသည်။

ထိုဖြစ်စဉ်များမှာ မကွေးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်က နှစ်လကျော်ကြာ စစ်ကြောင်း ထိုးနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ခင်ဦးဒေသခံအမျိုးသမီးတဦးကပြောသည်။

“စစ်ကြောင်းထိုးတဲ့အခါကျတော့ လုံခြုံမှုတော့မရှိဘူးပေါ့။ အခက်အခဲမျိုးစုံတော့ ကြုံခဲ့ရတာပဲ။ ဒါပေမဲ့ အခြေအနေပေါ်မူတည်ပြီး ကြည့်ပြီးတော့နေရတာပဲ။ သူတို့လာမယ့် လမ်းကြောင်းပေါ်ကို မနေမိအောင်၊ သူတို့နဲ့တည့်မတိုးမိအောင် ရှောင်ကွင်းပြီးတော့ နေရတာပေါ့။ တကယ်လို့ မိန်းကလေးတွေဆိုရင် သူတို့နဲ့ တွေ့ခဲ့ရင် အများဆုံးက နှိပ်စက်ပြီးစော်ကားခံရတာကများတယ်။ အဲဒီလိုဆိုတော့ သူတို့နဲ့မတွေ့အောင် ရှောင်ပုန်းနေရတာပေါ့”ဟု ပြောသည်။

၎င်းအနေဖြင့် စစ်ဘေးရှောင်နေရသည်မှာ တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ကာ စားဝတ်နေရေးနှင့် ဆေးဝါး အခက်အခဲများလည်း ကြုံတွေ့နေရကြောင်းလည်း ဆိုသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့်အမျိုးသမီးပေါင်း ၃၆၀၀ ကျော်ရှိပြီး၊ ၇၇၄ ဦးပြစ်ဒဏ်ချမှတ်ခံထားရကာ သေဆုံးသူ ၅၆၉ ဦး ရှိကြောင်း BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တိုင်ကြားချက် ၁၁၇ ခု လက်ခံရရှိခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ဇွန်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ် ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required