ပရိဘောဂရောင်းသည်ဟုဆိုကာ အွန်လိုင်းမှငွေကြေးလိမ်လည်

By ဂျူချန်း (မဇ္ဈိမ)
29 June 2023
ပရိဘောဂရောင်းသည်ဟုဆိုကာ အွန်လိုင်းမှငွေကြေးလိမ်လည်

“Golden House Furniture” အမည်ဖြင့် ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ပရိဘောဂပစ္စည်းများ ရောင်းချသည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်။ 

ထို့ပေ့ချ်တွင် မှန်တင်ခုံ၊ အဝတ်ဘီဒို၊ ကုတင်၊ ထိုင်ခုံ၊ TV တင်သည့်စင် စသည့်အိမ်သုံးပရိဘောဂများ၏ ပုံများကိုဖော်ပြထားကာ အွန်လိုင်းမှတဆင့် ရောင်းချလျက်ရှိပြီး နယ်မြို့များသို့ပို့ပေးကြောင်း ဖော်ပြထား သည်။

မှတ်ချက်များတွင်လည်း ပစ္စည်းဈေးတန်ကြောင်း၊ ပရိဘောဂပစ္စည်းများ၏ အမျိုးအစား၊ ဈေးနှုန်း၊ အတိုင်း အတာများနှင့် နယ်ဝေးသို့ပို့ပေး၍ ရ/မရ မေးမြန်းထားကြသည်။

ထိုပေ့ချ်ကို ကြိုက်နှစ်သက်သူ ၄၀,၀၀၀ ကျော်ရှိနေပြီး စောင့်ကြည့်သူ ၄၂,၀၀၀ ကျော်ရှိသည်။ ပေ့ချ်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် "လိုတရ အွန်လိုင်း" အမည်ဖြင့် စတင်ဖွဲ့စည်းထားပြီး ယခုအချိန် ထိ အမည် ၁၀ ကြိမ် ပြောင်းခဲ့သည်။  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် Golden House Furniture အမည်ကို နောက်ဆုံးပြောင်းခဲ့သည်။ 

ထိုပရိဘောဂပေ့ချ်မှ ဖော်ပြထားသောပုံများသည် ပြောင်းလဲလိုက်သော ပေ့ချ်အမည်အလိုက် ပရိဘောဂပုံ များပေါ်တွင် အမည်အမျိုးမျိုး စာတန်းထိုးဖော်ပြထားသည်။ ထိုပုံများတွင် ထိုင်းဘာသာဖြင့် အမည်၊ Line နံပါတ်များ ဖော်ပြထားသည့် ပုံများပါဝင်နေသည်။
အဆိုပါ ထိုင်းဘာသာဖြင့်ပေ့ချ်ကိုရှာဖွေခဲ့ရာ ပရိဘောဂရောင်းဝယ်နေသည့် ပေ့ချ်တခုကိုတွေ့ရှိရပြီး ၎င်းမှ ပုံများကိုယူသုံးကာ ထိုင်းစာများကို ဖျောက်ရန်အတွက် အမည်အမျိုးမျိုးဖြင့် စာတန်းထိုးကာ ဖျက်ထား ကြောင်း တွေ့ရသည်။ ထို့ပြင် နောက်ခံအဆောက်အဦးနှင့် ပရိဘောဂပစ္စည်းများမှာလည်း တူညီနေသည်။  ထိုင်းပေ့ချ်လင့် - https://shorturl.at/jLS57 

သို့ရာတွင် ပေ့ချ်လင့်ကိုရည်ညွှန်း(mentions)ပြောဆိုမှုများ၌ လိမ်လည်နေခြင်းဖြစ်ကြောင်း နောက်လူ များမခံရအောင် သတိပေးရခြင်းဖြစ်ကြောင်း ရေးသားထားကြသည်။ 
ထိုသူများထဲတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ဖော်ပြထားသည့်ပိုစ့်မှ မှန်တင်ခုံဝယ်ယူခဲ့ပြီး ငွေကြိုလွှဲ ပြီးနောက် ထိုပေ့ချ်ကို ဆက်သွယ်၍မရတော့သည့် အမျိုးသမီးတဦးလည်း ရှိနေသည်။ 
“အမလည်း မဝယ်ခင်စုံစမ်းကြည့်ပါသေးတယ်။ like ရော follower တွေရောများတော့ အမှန်ထင်နေတာ ပေါ့။ ငွေလွှဲပြီးတာနဲ့ ဖုန်းလည်းမကိုင်ဘူး။ စာလည်းမပြန်တော့ဘူး။ comment သွားဝင်ရေးတော့ block သွားတယ်” ဟု ငွေလိမ်ခံလိုက်ရအမျိုးသမီးက မဇ္ဈိမကို ပြောသည်။ 
မှန်တင်ခုံအတွက် ကျသင့်ငွေ ၂၃၀,၀၀၀ ကျပ် ကို K pay (၀၉၉၆၈၀၆၅၃၁၉-Daw Lin Lin Aung) အကောင့်သို့  ဇွန်လ ၁၆ ရက်နေ့ကငွေလွှဲပြီးနောက် ဖေ့စ်ဘုတ်တွင် စာပြန်ခြင်းမရှိတော့ဘဲ သူမကို block သွားပြီး ဖုန်းဆက်ရာတွင်လည်း လက်ခံဖြေကြားခြင်းမရှိတော့ကြောင်း ပြောသည်။ 
ပရိဘောဂပေ့ချ်တွင်ဖော်ပြထားသည့် “တာချီလိတ်မြို့၊ အမှတ်(၂) အားကစားကွင်းလမ်း၊ အောင်ရေဆေး ခုံနား” ဆိုသောလိပ်စာ ရှိ၊ မရှိ တာချီလိတ်မြို့ခံများအား မဇ္ဈိမကမေးမြန်းရာတွင် အောင်ရေဆေးခုံရှိသော် လည်း အနီးတဝိုက်၌ ပရိဘောဂအရောင်းဆိုင်မရှိကြောင်း ဒေသခံများက ပြောသည်။

ပေ့ချ်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ် 09986860892 ကို K pay တွင် စစ်ဆေးခဲ့ရာ U Myint Oo အမည် ဖြင့် တွေ့ရသည်။ထို U Myint Oo ၏ K pay နံပါတ်သည် ယခင်ကလည်း Sein Ohh Online Shop ၊ စိန်ရတုအွန်လိုင်း ၊ Sen Ya Tu Online ၊ Golden Wood Furniture စသည့် ဖေ့စ်ဘုတ်အမည်များဖြင့် လိမ်လည်ခဲ့သည်ကိုတွေ့ ရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် စိန်ရတုအွန်လိုင်းအမည်ဖြင့် အလိမ်ခံလိုက်ရသူတဦးက ၎င်း၏ အကောင့်တွင် လူလိမ်ဖြစ်ကြောင်း၊ တန်ဖိုးငွေ ၁၃၀,၀၀၀ လွှဲပြီးချိန်တွင် ဖုန်းမကိုင်တော့ဘဲ အဆက် အသွယ်ဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။ ၎င်းမှ ညွှန်းဆိုထားသည့် ပေ့ချ်သည် ယခု Golden House Furniture အမည်ဖြင့် ပေ့ချ်ဖြစ်နေသည်။ လင့် - https://shorturl.at/qrMNU
အလားတူပင် အမျိုးသမီးတဦးကလည်း "Sein Ohh Online Shop" အမည်ဖြင့် ပရိဘောဂရောင်းချသည့် အွန်လိုင်းအရောင်းဆိုင်တွင် ပစ္စည်းဝယ်ယူခဲ့ရာ U Myint Oo အမည်ဖြင့် K pay အကောင့်သို့ ကျပ် ၃၀၀,၀၀၀ လွှဲပြီးနောက် စာမပြန်၊ ဖုန်းမကိုင်တော့ကြောင်း ဖော်ပြထားပြီး ပေ့ချ်တခု၏လင့်ကို ညွှန်းဆို ထားသည်။ ထိုလင့်သည် ယခုအခါ ဝင်ရောက်မရတော့ချေ။ သို့သော် "Sein Ohh Online Shop" သည် Golden House Furniture ပေ့ချ်က ပြောင်းလဲခဲ့ဖူးသည့် အမည်ဖြစ်သည်။ 
လင့် - https://shorturl.at/hvCMO

ထို့ကြောင့် K Pay (09968065319) Daw Lin Lin Aung နှင့် (09986860892) U Myint Oo တို့သည် ပရိဘောဂ ရောင်းဝယ်သည့် ဖေ့စ်ဘုတ်ပေ့ချ်အဖြစ် အမည်အမျိုးမျိုးပြောင်းကာ လိမ်လည်နေကြခြင်းသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly