မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် စစ်ကောင်စီတပ်နှင့် ထောင်အာဏာပိုင်များက ရိုက်နှက်စစ်ဆေးခဲ့သည့် အကျဉ်းသားများထဲအနက်မှ လေးဦးမှာ ကျန်းမာရေးစိုးရိမ်ရပြီး ဆေးကုသခွင့်လည်းမရရှိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့မှစပြီး နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီတပ်က ပြင်ပသို့ခေါ်ထုတ် ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိကျန်းမာရေးစိုးရိမ်နေရသူများမှာ ကိုကျော်မင်းနိုင်၊ ကိုစိုးရာဇာထွန်းလွင်၊ ကိုကျော်မျိုးတင့်နှင့် ကိုမင်းရဲထွေးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။
“ ထောင်ဝင်စာတွေကတော့ ဒီရက်ပိုင်းတော့ ပြန်ဖွင့်ပေးလာပြီ။ ပိတ်ထားတဲ့ သူတစ်ချို့တော့ ကျန်သေးတယ်။ ဒါပေမဲ့ တော်တော်များများကိုတော့ ပြန်ဖွင့်ပေးထားပြီ။ ဆေးကုသခွင့်တွေတော့ မရသေးဘူး ”ဟု ၎င်းကဆိုသည်။
ပြင်ပရှိ PDF များနှင့် ဖုန်းမှတစ်ဆင့် အဆက်အသွယ်လုပ်သည်ဟုစွပ်စွဲ၍ စစ်ကောင်စီတပ်က ထောင်ပြင်ပသို့ခေါ်ထုတ်စစ်ဆေးပြီး တိုက်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများက ကနဦး ပြောဆိုထားသည်။
ပြီးခဲ့သည့် မေလ တတိယပတ်ကစပြီး စစ်ကောင်စီတပ်က နိုင်ငံရေးအကျဉ်းသားများကို မြင်းခြံမြို့၊ ခမရ (၁၅) တပ် စစ်ကြောရေးစခန်းနှင့် ထောင်ပိုင်ကြီး ရုံးခန်းသို့ ခေါ်ပြီးရိုက်နှက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံရေးအကျဉ်းသားများ၏ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး သွားများလည်း ကျိုးပဲ့ပျက်စီးသည်အထိ ညှဥ်းပန်းနှိပ်စက်ခံထားရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု( GSCB ) က ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ နိုင်ငံရေးအကျဥ်းသားလေးဦးအပါအဝင် အကျဉ်းသား ၁၃ ဦးမှာ လက်ရှိအချိန်အထိ တိုက်ပိတ်ခံထားရပြီး အခြားနိုင်ငံရေးအကျဉ်းသား ၇၀ ကျော်မှာလည်း တိုက်ဝန်း (၁) တွင် သီးခြားခွဲပြီး ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်းသိရသည်။
လက်ရှိ မြင်းခြံအကျဉ်းထောင်တွင် စစ်ကောင်စီတပ်သားများပြန်လည် ထွက်ခွာသွားပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ရိုက်နှက်နေဆဲဖြစ်ကြောင်း ကိုသိုက်ထွန်းဦးကပြောသည်။
“ အခုက ထောင်ရဲ့ ဗူးဝထဲမှာကို ခေါ်ထုတ်ပြီး လက်ထိတ်နောက်ပြန်ခတ် မျက်နှာအဝတ်အုပ်ပြီး ရေတွေနဲ့ပက်၊ ကျဉ်စက်တွေနဲ့ထိုး အဲ့လိုမျိုးနှိပ်စက်နေတာပေါ့ ”ဟု ၎င်းကဆိုသည်။
နိုင်ငံရေးအကျဉ်းသားများနှိပ်စက်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ထံ စာဖြင့်တင်ပြရန် စီစဉ်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကလည်း မဇ္စျိမသို့ပြောသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး