သူ့အား ပြန်ပေးဆွဲရန် လျှို့ဝှက်ကြံစည်နေကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော

သူ့အား ပြန်ပေးဆွဲရန် လျှို့ဝှက်ကြံစည်နေကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော
Photo-AFP

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံအုပ်စုတစ်ရပ်သည် သူ့အား ပြန်ပေးဆွဲရန် ကြံစည်နေကြောင်း စွပ်စွဲပြောဆိုကာ လာမည့်လ၌ နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပရန် ရှိချိန် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် လူ ၂၀၀ ခန့်ကို ရှင်းပစ်ရန် ဝန်မလေးကြောင်း သတိပေးပြောဆိုသည်။

“နိုင်ငံသား ၁၇ သန်းကို ကာကွယ်ဖို့အတွက် အစိုးရက တင်းကျပ်စွာ လုပ်ဆောင်ရမှာ ဖြစ်တယ်၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ လူ ၁၀၀၊ ၂၀၀ လောက်ကို ရှင်းပစ်ဖို့ တွန့်နေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ပြောထားရမှာ ဖြစ်တယ်”ဟု ဟွန်ဆန်က ဆိုသည်။

ဟွန်ဆန်အနေဖြင့် ၎င်းအား ပြန်ပေးဆွဲရန် ကြံစည်သည်မှာ မည်သည့်အဖွဲ့ဖြစ်ကြောင်း အမည်ထုတ်ဖော် မပြောသော်လည်း သူ့အစိုးရအား ဖြုတ်ချရန် ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (CNRP) က ကြံစည်နေသည်ဟု ယခင်က စွပ်စွဲဖူးပြီး လူ ၁၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးထောင်ချခြင်းများ ရှိခဲ့သည်။

“ငြိမ်းချမ်းရေးဟာ လူတိုင်းအတွက် တန်ဖိုးရှိတယ်၊ လူတိုင်းလူတိုင်း ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဒါပေမဲ့ အတိုက်အခံအုပ်စုဟာ စစ်ဖြစ်ချင်နေတယ်၊ သူတို့ဟာ ဟွန်ဆန်ကို ပြန်ပေးဆွဲဖို့ ကြံစည်နေတယ်၊ ဟွန်ဆန်ကို ပစ်သတ်ဖို့ လက်နက်ကိုင်တပ်ကို တောင်းဆိုနေတယ်”ဟု မြို့တော် ဖနွမ်းပင်တွင် ဇွန် ၂၄ ရက်က စက်ရုံအလုပ်သမား ၂၀,၀၀၀ ခန့်နှင့် တွေ့ဆုံမှု၌ ဟွန်ဆန်က ပြောသည်။

“သူတို့တွေရဲ့ သွေးထိုးမှုနောက် လိုက်တဲ့သူတွေကိုလည်း ထောင်ချပစ်ရမယ်”ဟု ၎င်းက ပြောကြောင်း အစိုးရလိုလားသော Fresh News သတင်းဌာန၏ ဖော်ပြချက်ကို ဘာသာပြန်ချက်အရ သိရသည်။

၂၀၁၇ ခုနှစ်အတွင်းက တရားရုံးတစ်ရုံးသည် CNRP ပါတီကို ဖျက်သိမ်းခဲ့ပြီး ယင်းပါတီဝင်အချို့ဖြင့် ဖွဲ့စည်းသော Candlelight Party ကိုလည်း ပြီးခဲ့သည့်လက စည်းကမ်းနှင့် မညီကြောင်း ပယ်ချ၍ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ CPP ကသာ ဇူလိုင် ၂၃ ရွေးကောက်ပွဲများ၌ အနိုင်ရနိုင်မှု ကျိန်းသေနေတော့သည်။

ဇွန် ၂၃ ရက်တွင် အမတ်နေရာ ၁၂၅ နေရာစလုံး CPP ပါတီ ထိန်းချုပ်ထားသည့် အမျိုးသားလွှတ်တော်သည် လွှတ်တော်အမတ် ၁၁၁ ဦး၏ ထောက်ခံမှုဖြင့် ရွေးကောက်ပွဲ ဥပဒေလေးရပ်ကို ပြင်ဆင်အတည်ပြုရာ ယင်းအတွက် ရွေးကောက်ပွဲကိုယ်စားလှယ်များအနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် နှစ်ကြိမ်ဆက်တိုက် မဲပေးထားရန် လိုအပ်မည် ဖြစ်သည်။

ယင်းသို့ ပြင်ဆင်ခြင်းသည် ပြည်ပြေးအဖြစ် နေထိုင်နေရသော အတိုက်အခံခေါင်းဆောင်များကို ဆန့်ကျင်တုံ့ပြန်ချက်အဖြစ် တော်တော်များများက ရှုမြင်သည်။ အစိုးရကမူ အတိုက်အခံခေါင်းဆောင်များသည် သပိတ်မှောက်ရန် ဆင့်ခေါ်ခြင်းဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို နှောင့်ယှက်ရန် ကြိုးစားနေကြောင်း ပြောဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.ucanews.com/news/cambodias-hun-sen-alleges-plot-to-kidnap-hi...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required