မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ၁၀လအတွင်း  ၄ ကြိမ်မြောက်ဖျက်ဆီး

By ပါခွီး (မဇ္စျိမ)
27 June 2023
မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ၁၀လအတွင်း  ၄ ကြိမ်မြောက်ဖျက်ဆီး

စစ်ကိုင်းတိုင်းအတွင်း မုံရွာနှင့် ချောင်းဦးလမ်းပိုင်းမှ ဒေသခံများ အဓိကအသုံးပြုနေသော  မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဘက်ဟိုးဖြင့် ဖြိုချကာ ထပ်မံဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မုံရွာမြို့နယ်၊ မုံရွာ - အမြင့်လမ်းပိုင်းမှ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းရှေ့တည့်တည့်နေရာကို စစ်ကောင်စီတပ်က  ဇွန်လိုင်လ ၂၆ရက် ညနေ ၄နာရီခန့်တွင် လာရောက်ဖျက်ဆီးသွားခြင်းဟု မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက  ထုတ်ပြန်သည်။

" လုံခြုံရေးအပြည့်နဲ့လာဖျက်တာ။ အဲ့လမ်းပိုင်းက ရွာတွေကလည်း စစ်ကျွန်မခံတဲ့ ရွာတွေဆိုတော့ သူတို့(စစ်ကောင်စီတပ်) တိုက်ခိုက်ခံရမှာကြောက်ပြီး လာဖျက်တာ" ဟု ချောင်းဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် တပ်ဖွဲ့ဝင်အင်အား ၇၀ခန့်လုံခြုံရေးယူကာ လမ်းအား ဘက်ဟိုး(ဘူဒိုဇာ)တစ်စီးဖြင့် ကန့်လန်းဖြတ် ဖြိုချ ဖျက်ဆီးသွားခြင်းဟု သိရသည်။ မုံရွာ - အမြင့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ယခုတစ်ကြိမ်အပါအဝင်  ၁၀လအတွင်း လေးကြိမ်မြောက်ဖျက်ဆီးခြင်းဖြစ်သည်။

 ၂၀၂၂ခုနှစ် စက်တင်ဘာ ၄ရက်ပထမအကြိမ်ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၅ရက်တွင် ဒုတိယအကြိမ် ဖျက်ဆီးခဲ့သည်။  ၂၀၂၃ မေလ ၅ရက်နေ့တွင် တတိယအကြိမ်ဖျက်ဆီးခဲ့ပြီး ယခု ဇွန်လ ၂၆ရက်နေ့တွင် စတုတ္ထအကြိမ်ဖျက်ဆီးခြင်းဟု သိရသည်။

ယင်းလမ်းပိုင်းသည် မုံရွာမြို့သာမက ချောင်းဦးမြို့နယ်နှင့်ပါဆက်သွယ်ထားပြီလမ်းပန်းဆက်သွယ်ရေးအတွက် ဒေသခံများ အဓိကအသုံးပြုသည့်လမ်းဟု  မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုကဲ့သို့ ဖျက်ဆီးခံရသောကြောင့် လမ်းပန်းဆက် သွယ်ရေးနှောင့်နှေးကာအရောင်းအဝယ်အလုပ် အကိုင်များ ထိခိုက်‌သည်ဟု ဒေသခံများကပြောသည်။

မုံရွာ - အမြင့် လမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများသည် စစ်အာဏာရှင်ကို ဆန့်ကျင်မှုအားကောင်းကြပြီး လမ်းဘေးဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခြင်း၊ဒေသခံ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရှိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရ အထိနာနေသော ဒေသများတွင် အများပြည်သူသွားလာနေသည့် လမ်းများကို လိုက်လံဖျက်ဆီးနေသည်။ စစ်ကိုင်းတိုင်းအပြင်  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ကျေးရွာချင်းဆက်လမ်းအချို့နှင့်မြို့ချင်းဆက်လမ်းအချို့ကို ဖျက်ဆီးထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required