ဖားဆောင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
27 June 2023
ဖားဆောင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အနီးရှိ နန်းကစ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးသေဆုံးခဲ့ကြောင်း Free Burma Rangers ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ကရင်နီပြည်တောင်ပိုင်း ပဆောင်း (ဖားဆောင်း)ဒေသတွင် ဂျက်တိုက်လေယာဉ်အများအပြား ဖြတ် သန်း သွာလာမှုကြောင့် နေရပ်စွန့်ခွာအရပ်သားလေးဦး သေဆုံးခဲ့သည်” ဟု ၎င်းတို့ကဆိုသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့သည် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း ဖားဆောင်း PDF ကပြောသည်။

“ သေဆုံးသူတွေက အရပ်သားပါ။ ဖားဆောင်းမှာ အဲဒီနေ့က ထိပ်တိုက်တိုက်ပွဲတော့မရှိဘူး။ စစ်ကောင်စီ က လက်နက်ကြီးနဲ့ လှမ်းထုတာပဲရှိပါတယ်” ဟု ဖားဆောင်း PDF မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၁ အရွယ် အမျိုသားတစ်ဦး၊ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၂ အရွယ် ကိုကျော်နိုင်ဦး တို့ဖြစ်သည်။

၎င်းတို့ကို ဇွန်လ ၂၆ ရက်နေ့တွင် KA တပ်ဖွဲ့ဝင်များနှင့်အတူ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း Free Burma မှ ဖော်ပြထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုအပြင် ဘုရားကျောင်းအပါအဝင် နေအိမ်အချို့ ပျက်စီးခဲ့ရသည်။

ဖားဆောင်းမြို့၊ သံလွင်မြစ်အရှေ့ဘက်ကမ်းတွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဇွန်လ ၂၁ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဖားဆောင်း PDF မှ ထုတ်ပြန်ထားသည်။ 

ဖားဆောင်းမြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများသို့လည်း မြို့တွင်းရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိသဖြင့် ဒေသခံ ၆,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly