ရေးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင်အား ရေးဘီလူးအဖွဲ့ပစ်ခတ်ရှင်းလင်း

By ဂျူချန်း (မဇ္ဈိမ)
27 June 2023
ရေးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်းဆောင်အား ရေးဘီလူးအဖွဲ့ပစ်ခတ်ရှင်းလင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာသင်္ချိုင်းတွင် စစ်မှုထမ်းဟောင်း ပျူစောထီးခေါင်း ဆောင်တဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင်သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင် က ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် နာရေးလာပို့သည့် ဒူးယားကျေးရွာနေထိုင်သူ အသက် ၆၄ နှစ်အရွယ် ဦးစိုးအောင်ကို ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ အစင်၊ ကျားတန်း၊ ဓမင်းဆိပ်၊ ဆိတ်ကလေးကျေးရွာ၊ ဇီးဖြူသောင်တို့ဘက်မှာ အရမ်းကို ဗိုလ်ကျပြီး တော့ မိုက်ကြေးခွဲပြီးတောင်းတယ်။ သူကိုယ်တိုင်လည်း ပျူစောထီးခေါင်းဆောင်ဖြစ်တယ်။ လက်နက် လည်းကိုင်တယ်။ လေးချက်ပစ်လာတယ် ၉ မမ ကျည်ပဲဆိုတော့ ချက်ချင်းသေသွားတယ်။ သင်္ချိုင်းမှာပဲ သေသွားတယ်ဗျ။ အတိုလည်းရှိတယ်။ အရှည်လည်းရှိတယ် သူ့ဆီမှာ။ လက်နက်ကတော့ မရလိုက်ဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဦးစိုးအောင်သည် စစ်မှူထမ်းဟောင်းတစ်ဦးဖြစ်ရာ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ၏လှုပ်ရှားမှုများကို သတင်းပေးခြင်းများရှိသကဲ့သို့ နယ်မြေလုံခြုံရေးဆောင်ရွက်သည့်အခါတွင် လည်း စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးကြောင်း ဆိုသည်။

မဇ္ဈိမအနေဖြင့် ဦးစိုးအောင်အကြောင်းနှင့်ပတ်သက်၍ ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင် ခြင်းမရှိသေးပေ။ ပစ်ခတ်မှုအတွင်း အစင်ကျေးရွာတွင်နေထိုင်သူ မဇင်မာနွယ်လည်း (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေးဘီလူးအဖွဲ့သည် စစ်ကောင်စီထောက်တိုင်များအား မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိရာ ဇွန်လထဲ တွင် ရေးမြို့နယ်အတွင်း ဦးစိုးအောင်အပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းသုံးဦးကို ပစ်သတ်ခဲ့သည်။
ဇွန်လ ၂ ရက်နေ့တွင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာတွင် ပြည်သူ့စစ်ဟောင်း ဦးပန်းရွှေအား ပစ်ခတ် ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့က ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာတွင် စစ်မှုထမ်း‌ဟောင်း ဦးရဲဝင်းနိုင်ကို ပစ်ခတ်ခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်အား ရေးဘီလူး အဖွဲ့မှသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly