အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

အစ္စလမ္မစ် စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
Photo-AFP

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် အစ္စလမ္မစ် အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူကို ဒါကာမြို့ရှိ ၎င်း၏ ပုန်းအောင်းရာနေရာ၌ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၄ ရက်တွင် ပြောသည်။ အဆိုပါ အဖွဲ့ကို ဖြိုခွင်းနှိမ်နင်းမှုတစ်ရပ် စတင်ပြီးနောက် လများအကြာတွင် ခေါင်းဆောင်ဖြစ်သူ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဂျမတ် အယ်လ် အန်ဆာ ဖီလ် ဟင်ဒဲလ် ရှားခီယာ အဖွဲ့၏ တည်ထောင်သူ ရှာမင် မာဟ်ဖက်ဇ်သည် နိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသော စစ်တကောင်း တောင်ကြောများ၌ စစ်သွေးကြွ လေ့ကျင့်သင်ကြားရေးစခန်းများကို ကူညီစီမံကွပ်ကဲသူဖြစ်ကြောင်း စွပ်စွဲခံထားရသည်။

မာဖက်ဇ်ကို ပြီးခဲ့သည့် သောကြာနေ့က မြို့တော်၏ စက်မှုဆင်ခြေဖုံးအရပ်၌ ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပစ္စတိုတစ်လက်၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဗုံးပြုလုပ်သည့် ပစ္စည်းများကိုပါ တွေ့ရှိခဲ့ကြောင်း ရဲများက ပြောသည်။

“မာဖက်ဇ်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး စွဲချက်တစ်ခုနဲ့ တရားစွဲဆိုထားပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းဖို့ ၁၀ ရက် ရမန် ကျွန်တော်တို့ တောင်းထားတယ်” ဟု ဒါကာ မက်ထရိုပိုလစ်တန် ရဲဌာန၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မိုဟာမက် အာဆက်ဒ်ဒူဇာမန်က သတင်းထောက်များကို ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မာဖက်ဇ်၏ ရှေ့နေများထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။

ရှားခီယာ အဖွဲ့ တည်ထောင်သူ မာဖက်ဇ်သည် ၂၀၁၄ ခုနှစ်က ပထမတစ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းသည် အကျဉ်းထောင်အတွင်း၌ ရှိစဉ် အခြားသော ဝရမ်းပြေး အစွန်းရောက်အဖွဲ့များနှင့် အဆက်အသွယ် ရခဲ့ကြောင်း အာဆက်ဒ်ဒူဇာမန်က ပြောသည်။

ခရစ်ယာန် မျိုးနွယ်စု သောင်းကျန်းသူအဖွဲ့တစ်ခုဖြစ်သည့် ကူကီး-ချင်း အမျိုးသားတပ်ဦး (KNF) စီမံခန့်ခွဲသော လေ့ကျင့်ရေးစခန်းများကို အသုံးပြုရန် အဖွဲ့အစည်းအတွက် မာဖက်ဇ်က သဘောတူညီချက်တစ်ခုကို ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက ဘင်္ဂလားဒေ့ရှ် အထူးမှုခင်းနှိမ်နင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုံခြုံရေးတပ်ဖွဲ့က အိန္ဒိယနှင့် နယ်စပ်အနီး ဝေးလံသော တောင်ပေါ်မြို့သုံးခု၌ KNF နှင့် ရှားခီယာအဖွဲ့၏ စခန်းများကို နှိမ်နင်းတိုက်ခိုက်ခဲ့ပြီး လူဒါဇင်နှင့်ချီကို ဖမ်းဆီးခဲ့သည်။

 

Bangladesh arrests chief of Islamist militant outfit
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required