အသုတ်မြို့တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဖမ်းဆီးခံရသူ စစ်ကြောရေးတွင်သေဆုံး

By မင်းထက်(မဇ္စျိမ)
24 June 2023
အသုတ်မြို့တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် ဖမ်းဆီးခံရသူ စစ်ကြောရေးတွင်သေဆုံး

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ အသုတ်မြို့တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လူငယ်တစ်ဦး စစ်ကြောရေးတွင် သေဆုံးသွားသည်ဟု သိရသည်။

 

စစ်ကြောရေး၌ သေဆုံးခဲ့သူမှာ အသုတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ အောင်ဇေယျ (၆ )လမ်းတွင် နေထိုင်သည့် အသက် ၂၆ နှစ် အရွယ် ကိုထူးဝေအောင်ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် ညပိုင်းက ကိုထူးဝေအောင်အား ဆိုင်ကယ်ခိုးမှုတစ်မှုနှင့် ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇွန်လ ၂၂ ရက်နံနက်ပိုင်းတွင် ကိုထူးဝေအောင်၏ ရုပ်အလောင်းအား အသုတ်ဆေးရုံရှိ ရင်ခွဲရုံ၌ လာထုတ်ရန် မိသားစုများအား အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

 

"အလောင်းမှာ ဒဏ်ရာတွေအများကြီးပဲ ရိုက်နှက်စစ်ရင်း လက်လွန်သွားပုံရတယ်။အဲ့ဒီမှာ အသုတ်စခန်းမှူးက အမှုကိုကျေအေးပေးရင် ငွေပေးမယ်လို့ မိသားစုကိုပြောတယ်။ စခန်းမှူးပြောတဲ့အထဲမှာ ကျေအေးမပေးရင် PDF ဆိုပြီး ခေါင်းစဥ်တပ်မယ်လို့လည်းပါတယ်"ဟု မိသားစုဝင်နှင့်နီးစပ်သူက ‌ပြောသည်။

 

သေဆုံးသူ ကိုထူးဝေအောင်သည် ပန်းရံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အသုတ်စခန်းမှူးက မိသားစုဝင်များအား ငွေကျပ် သိန်း ၈၀ ပေးကာ အမှုအား ကျေအေးပေးရန် လိုက်လံဖိအားပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

 

အသုတ် ရဲစခန်းမှူး၏ ညှိနှိုင်းမှုကို သေဆုံးသူ၏ မိသားစုဝင်များက လက်ခံခြင်း ရှိ၊ မရှိ အတိအကျ မသိရကြောင်း၊ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းအချိန်အထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဖိအားပေးကာ လိုက်လံညှိနှိုင်းနေကြောင်း မိသားစုနှင့်နီးစပ်သူက ပြောသည်။

 

လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းအား ၎င်း၏ဇနီးဖြစ်သူနေထိုင်သည့် အသုတ်မြို့၊ ကျုံဖားရိုးကျေးရွာသို့ သယ်ဆောင်သွားသည်ဟုသိရသည်။ ၎င်းတွင် သုံး နှစ်ခန့်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများကပြောသည်။

 

အသုတ် စခန်းမှူးမှာ ရဲအုပ်သက်စိုးဦးဆိုသူ ဖြစ်ပြီး စစ်ကောင်စီအလိုကျ ဒေသခံများကို ဖမ်းဆီးခြင်း၊ငွေကြေးတောင်းယူခြင်းများကို ပြုလုပ်နေသူဖြစ် သည်ဟု အသုတ်မြို့ခံများက ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာမှ NLD ပါတီ ထောက်ခံသူ ကိုကျော်ဝင်းနိုင်ကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကြောရေးတွင် ရိုက်နှက် သတ်ဖြတ်ခဲ့သေးသည်။

 

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly