ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးထပ်ရှို့နေ 

By MTO (မဇ္ဈိမ)
24 June 2023
ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးထပ်ရှို့နေ 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က သုံးနေရာခွဲ၍  ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“ညောင်ပင်ကြီး ရွှေအင်းလေးရပ်ကွက်ရယ် နှီးတောရပ်ကွက်ရယ်၊ ခုနစ်အိမ်တန်းရယ်ကို မီးရှို့တာ၊ မီးများတယ်” ဟု ပအဖ အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ညောင်ပင်ကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဇွန်လ ၉ ရက်ညပိုင်းမှ စတင်ကာ ယနေ့ အချိန်အထိ ညောင်ပင်ကြီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

“ညောင်ပင်ကြီးထဲက နေရာအကုန်လုံးနီးပါး ရှို့ပြီးသွားပြီ၊ စခန်းပတ်လည်က အိမ်တွေဆို မီးရှို့ပြီးတော့ မြေကွက်တွေကို စစ်တပ်ပိုင်အဖြစ် သိမ်းသွားပြီ။ ဇွန်လ ၉ ရက်နေ့ ကတည်းက ရှို့နေတာ အခုဆို မီးလောင် အိမ်ခြေ ၇၀၀ ကျော်သွားပြီ“ ဟု  ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ညောင်ပင်ကြီးကျေးရွာအတွင်း နေ့စဥ်မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်‌နေသဖြင့် ဒေသခံများသည် ယခုအချိန်အထိ နေရပ်မပြန်နိုင်ဘဲ နီးစပ်ရာ နေရာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးရှောင်နေရကြောင်း ဆားလင်းကြီး ပအဖ ထံမှ သိရသည်။

“လူဦးရေ ၆,၀၀၀ နီးပါးလောက်ရှိပြီ စစ်ဘေးရှောင်နေရတာ စစ်ကောင်စီတပ်က အခုလိုမျိုး မီးရှို့လိုက် နားလိုက်လုပ်ပြီး အဲ့မှာအထိုင်ချလိုက်မယ်ဆိုရင် ဆားလင်းကြီးအတွက်က ကုန်စည် စီးဆင်းမှု ပိတ်သွားပြီး ကုန်စျေးနှုန်းကြီးမြင့်လာနိုင်တယ်“ ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညောင်ပင်ကြီး ကျေးရွာသည် မုံရွာမြို့ နှင့် ချင်းတွင်းမြစ်သာ ခြားပြီး ကုန်စည်များကို မုံရွာမြို့မှ ရေကြောင်းဖြင့် သယ်ယူပို့ဆောင် ရောင်းဝယ်ခြင်းများ လုပ်ကိုင်နေသည့် နေရာတစ်ခုလည်း ဖြစ်သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required