ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ဇွန်လ ၂၃ ရက် ည ၇ နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့နယ် YMBA ဥက္ကဋ္ဌ ဦးလှကြည်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
"သူအ်ိမ်အပြန်မှာ ပစ်တာပါဗျ၊ ကျည်၁၂တောင့်သုံးတယ်၊ သေဆုံးသွားပါပြီ" ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ဦးလှကြည်သည် သမ္မတဦးသိန်းစိန် လက်ထက်မှစတင်၍ (၉၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြို့နယ်အုပ်ချုပ်စီမံ ငါးဦးကော်မတီတွင် အဖွဲ့ဝင် (၂) နေရာ၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားကြောင်း သိရသည်။
“သူက ရပ်ကွက်ထဲမှာ လူမိုက်တွေ ပျူစောထီးတွေကို မွေးမြူထားသူပါ။ သဲကျောက်ဒိုင်တွေဆီက ငွေတောင်းပြီး လာဘ်စားတာတွေ လုပ်တဲ့အပြင် မြေကွက်ကိစ္စတွေမှာလည်း ဝင်ရောက်စွက်ဖက်တာတွေ လုပ်နေတာဖြစ်ပါတယ်”ဟု Dagon Seikkan PDF အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
အာဏာသိမ်းကာလ မြို့နယ်ဆန္ဒပြမှု၊ ပစ်ခတ်ဖမ်းဆီးမှုများတွင် ဦးလှကြည်က စစ်ကောင်စီ၏ သတင်းပေး ဒေသခံအဖြစ် လိုက်လံပါဝင်ပြသပြီး ဆန္ဒပြသူများကို ဖမ်းဆီးပစ်ခတ်ရာတွင်လည်း ပစ်ခတ်တဲ့သူများအနီး၌ လိုက်လံပြသ ညွှန်ကြားသူဖြစ်သောကြောင့် စုံစမ်း စီစစ်မှုများပြုလုပ်ပြီးမှ စနစ်တကျ ပစ်ခတ်ခြင်းဖြစ်ကြောင်း Dagon Seikkan PDF အဖွဲ့က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ