ရီယိုဒီဂျနေရိုပြည်နယ်ရှိ ဘရာဇီးလ်ဘောလုံးကြယ်ပွင့် နေမာရဲ့ အိမ်ကြီးမှာ “အဓိကဆောက်လုပ်ရေး” ပရောဂျက်တစ်ခုဟာ "သဘာဝပတ်ဝန်းကျင်ချိုးဖောက်မှုများ"အတွက် ကြာသပတေးနေ့က ရပ်ဆိုင်းလိုက်ပြီး အဲဒီချိုးဖောက်မှုတွေကြောင့် ဒဏ်ငွေဒေါ်လာ ၁ သန်းခန့် ချမှတ်ခံရနိုင်ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ရီယိုဒီဂျနရိုကနေ ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ခန့်ဝေးတဲ့ Mangaratiba ရှိ ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားရဲ့ ဇိမ်ခံအိမ်ခြံမြေမှာ "သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်ခွင့်ပြုချက်မရှိဘဲ" စီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေလမ်းလွှဲခြင်းနဲ့ မြစ်ဆီက ရေကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း အပါအဝင် "သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုအမျိုးမျိုး"ကို တွေ့ရှိခဲ့ကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ တိုင်တန်းမှုတွေကတဆင့် အာဏာပိုင်တွေက တွေ့ရှိခဲ့တာပါ။
ခွင့်ပြုချက်မရှိဘဲ မြေကြီး၊ ကျောက်တုံးတွေနဲ့ ကျောက်ဆိုင်တွေ တူးဖော်ခြင်းနဲ့ အခွင့်အာဏာမရှိဘဲ ကမ်းခြေသဲတွေ အသုံးပြုခြင်းတို့ကိုလည်း တွေ့ရှိခဲ့ပါတယ်။
“နောက်တဆင့်အနေနဲ့ကတော့ တွေ့ရှိတဲ့ မှုမမှန်မှုအပေါ် အကဲဖြတ်လုပ်ဆောင်မှာဖြစ်ပြီး အဲဒီအတွက် ခန့်မှန်းချက်တွေအရ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် ဒဏ်ငွေ ရီယစ် ၅ သန်း(ဒေါ်လာ ၁ သန်းခန့်) ထက်မနည်းကို ဒဏ်ကြေးငွေ ပေးဆောင်ရမယ်” လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။
ဘရာလ်ဇီးရှိ နေမာရဲ့ ကိုယ်စားလှယ်တွေဟာ AFP ရဲ့ မှတ်ချက်ပေးဖို့အတွက် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပါဘူး။
ဘောလုံးသမားရဲ့ ဖခင်ဖြစ်သူ နေမာဒါဆေးလ်ဗာ ဆန်းတို့စ်ဟာ စစ်ဆေးမှုအတောအတွင်း အဲဒီနေရာမှာရှိနေပြီး တာဝန်ရှိသူတွေနဲ့ ငြင်းခုံပြောဆိုနေတာကို ဒေသတွင်းမီဒီယာတွေက တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ကြားနိုင်ပါတယ်။
နေမာဟာ အဲဒီအိမ်ခြံမြေကို ၂၀၁၆ မှာ ဝယ်ယူခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေ အဆိုအရ အဲဒီအိမ်ခြံမြေဟာ စတုရန်းမီတာ ၁၀,၀၀၀ (၂.၅ ဧက) ပေါ်မှာ တည်ရှိပြီး ရဟတ်ယာဉ် ရပ်နားရာနေရာ၊ spa နဲ့ အားကစားခန်းမတို့ပါဝင်ပါတယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ မတ်လက ကာတာနိုင်ငံ ဒိုဟာမှာ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ သူ့ရဲ့ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာကနေ လက်ရှိမှာ ပြန်လည်သက်သာနေပါတယ်။
သူဟာ ဖေဖော်ဝါရီလကတည်းက မကစားရသေးဘဲ သူ ပီအက်စ်ဂျီမှာ ဆက်ရှိနေမလားဆိုတဲ့ သံသယတွေ ပေါ်ထွက်နေပါတယ်။
(AFP)