ရေးမြို့နယ်နှင့် လမိုင်းတွင် ရေးဘီလူးအဖွဲ့ ပစ်ခတ်မှုများပြုလုပ်ရာ စစ်သား ၄ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
22 June 2023
ရေးမြို့နယ်နှင့် လမိုင်းတွင် ရေးဘီလူးအဖွဲ့ ပစ်ခတ်မှုများပြုလုပ်ရာ စစ်သား ၄ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်အား ရေးဘီလူးအဖွဲ့မှ ယနေ့ နံနက် ၉နာရီခွဲ ဝန်းကျင်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂိတ်တွင်းရှိ စစ်သားလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းတောင်တံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ၏ စကခ(၁၉)လက်အောက်ခံတပ်မှ စစ်သား ရှစ်ဦး ကင်းစောင့်နေပြီး ပစ်ခတ်မှုအတွင်း လေးဦးကို ထိမှန်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“ကင်းစခန်း ဂိတ်ပေါ့၊ gun(သေနတ်) ဝင်လုတာ၊ သေနတ်တော့မရခဲ့ဘူး၊ ဂိတ်ထဲမှာ ရှစ်ဦးထိုင်နေတာ လေးဦးကို ပိုင်ပိုင်နိုင်နိုင် ပစ်ချနိုင်ခဲ့တယ်။ သေနတ်ကိုကျတော့ ကောက်မခင်ဘူး(မကောက်နိုင်ဘူး)။ ပြောက်ကျားအနေနဲ့ပဲ ဝင်ပစ်ခဲ့တော့လေ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

ရေးမြို့နယ်၊ လမိုင်းမြို့၊ နာရီစင်အနီးတွင်လည်း ယနေ့ နံနက် ၁၀နာရီကျော်တွင် မှတ်ပုံတင်ပွဲစားဖြစ်သူ မစန်းမြင့်ကြွယ် (၅၆နှစ်) အား လူနှစ်ဦးမှ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ရာ သုံးချက်ထိမှန်ခဲ့ကြောင်းဒေသခံမှ သိရသည်။

“ရေးမြို့လယ်ခေါင်မှာပစ်သွားတာ၊ သေနတ်သံ ရှစ်ချက်ကြားတယ်၊ သူ့သမီးက ထွေအုပ်ရုံးဝန်ထမ်း၊ သူ(သေဆုံးသူ)က ပွင့်ပွင့်လင်းလင်း ပြောရရင် မှတ်ပုံတင် ပွဲစားပေါ့ဗျာ၊ သူက နာမည်တော့ ထွက်နေတာ ကြာလှပြီ၊ သူ့ကို လိုင်းပေါ်ကနေ သတိပေးနေတာ မနှစ်ကတည်းက တွေ့တယ်၊ သူဆက်လုပ်နေတာပဲ” ဟု လမိုင်းမြို့ခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူ မစန်းကြွယ်သည် ဝမ်းဗိုက်၊​ ဘယ်ဘက်ကျောပြင်နှင့် လက်ဖျံတို့တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

မစန်းကြွယ်သည် လမိုင်းနှင့် ရေးမြို့နယ် လ.ဝ.က ရုံးများ ပိတ်ထားသော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းကာ မှတ်ပုံတင်ပြုလုပ်လိုသူများထံမှ အခကြေးငွေယူ ဆောင်ရွက်နေသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“စစ်ကောင်စီက ရုံးတွေပိတ်ထားပေမယ့် သူဂရုမစိုက်ဘူးဗျ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ တခြားလမ်းကနေ ဆောင်ရွက်ကြတယ်၊ လုပ်စားတယ်ပေါ့ဗျာ စကစ နဲ့ ပေါင်းပြီး။ ပြီးတော့ စစ်ကောင်စီယန္တရားကို လည်ပတ်ခွင့် မပြုဘူးလို့ ကျနော်တို့ ထုတ်ပြန်ထားတာကြောင့် ခုလိုရှင်းလိုက်တာဖြစ်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နှင့် လမိုင်းမြို့ မှတ်ပုံတင်ရုံးများသည် လက်ရှိတွင် ပိတ်ထားသဖြင့် အပြင်လူအနေဖြင့် အရေးတကြီး မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်ပါက ထိုအမျိုးသမီးထံမှတစ်ဆင့် လုပ်ဆောင်ရကာ မှတ်ပုံတင်တစ်ခုကို ကြာချိန်ပေါ်မူတည်ကာ ၈၀,၀၀၀ မှ ၁၅၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်းဒေသခံမှ သိရသည်။

ရေးဘီလူးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်မှုနှစ်ခု ဆောင်ရွက်ခဲ့သည့်အပြင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တို့နှင့်ပူးပေါင်းကာ အမှတ်(၈) လမ်းမကြီးတွင်လည်း လုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သေးပြီး ၎င်းတို့တပ်ဖွဲ့အနေဖြင့် ယခုထက်ပိုကာ စစ်ရေးအရှိန် မြှင့်တင်သွားရန်ရှိကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly