MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်

MFTBနှင့် MICB ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန် တရားဝင်ထုတ်ပြန်

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း ဇွန် ၂၁ ရက်တွင်အမေရိကန်အစိုးရက တရားဝင်ထုတ်ပြန်သည်။

" အာဏာရှင်အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနအတွက် နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် MFTB နှင့် MICB တို့သည် အခရာကျသည့် အဖွဲ့အစည်းများဖြစ်ပါသည်။ ဤဘဏ်များသည် ၎င်းတို့၏ နိုင်ငံခြားဘဏ်စာရင်းများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူချိတ်ဆက်နိုင်စေခဲ့ခြင်းဖြင့် စစ်ရေးကိစ္စရပ်များ အတွက် အာဏာရှင်အဖွဲ့အစည်းက ခေါင်းပုံဖြတ်အမြတ်ထုတ် နိုင်မည့် ငွေကြေးအရင်းအမြစ်အမြောက်အမြားကို ပံ့ပိုးပေးခဲ့ကြပါသည်" ဟု အမေရိကန်က ဆိုသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်မှန်သော ဒီမိုကရေစီအနာဂတ်တစ်ခုကို ရှာဖွေလျှက်ရှိသည့် မြန်မာပြည်သူများအတွက် အားပေးထောက်ခံမှုကို အမေရိကန်ပြည်ထောင်စုက ဖြေလျှော့သွားမည် မဟုတ်ကြောင်း၊ အာဏာရှင်အဖွဲ့အစည်းက ရုရှကာကွယ်ရေးကဏ္ဍသို့ ခိုင်မာသည့်ငွေကြေး လွှဲပြောင်းပေး နိုင်မှုကို ထိန်းချုပ်ကန့်သတ်ရင်း အာဏာရှင်အဖွဲ့အစည်းက အကြမ်းဖက်မှုများကို တိုးမြှင့်ရန်နှင့် အကျပ်အတည်းကို ရှည်ကြာစေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာဘဏ္ဍာရေး စနစ်မှတစ်ဆင့် အမြတ်ထုတ်နိုင်မှုကို ကန့်သတ်ရန် မိမိတို့၏ မိတ်ဖက်များ၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာအသိုက်အဝန်းမှ မဟာမိတ်များနှင့်အတူ ဆက်လက်ထိတွေ့  ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ဆိုသည်။

ပိတ်ဆို့အရေးယူခြင်းကို အမေရိကန်သမ္မတ၏ အမိန့်အမှတ် - ၁၄၁၀၁၄ အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB တို့ကို အရေးယူသတ်မှတ်မှုများဆောင်ရွက်ခြင်းမှာ ၎င်းတို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရ သတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အဖွဲ့အစည်းများဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

အမေရိကန်အစိုးရက ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမည်ဟု တရားဝင်ထုတ်ပြန်ခြင်းမပြုမီကပင် သတင်းများပျံ့နှံ့ခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်လာခြင်းအပေါ် စိုးရိမ်စရာမရှိကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားငွေကြေး ကိုင်တွယ်ဆောင်ရွက်နေသည်မှာ ယင်းဘဏ်များသာမက အခြားပုဂ္ဂလိကဘဏ်များ၊ ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များလည်း ဆောင်ရွက်နေသဖြင့် ဆုံးရှုံးစရာမရှိကြောင်း စစ်ကောင်စီက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly