ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အရပ်သား ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
21 June 2023
ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် အရပ်သား ဇနီးမောင်နှံနှစ်ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ဇွန်လ ၁၉ ရက် နေ့ ည ၁၁ နာရီခန့်က သာမန်အရပ်သား ဇနီးမောင်နှံနှစ်ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်မှ ကားသုံးစီးဖြင့်လာရောက်ကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ည ၁၁ နာရီ လောက်မှာ ကားသုံးစီးနဲ့ရောက်လာပြီး ဖမ်းသွားတယ်။ အိမ်ကို အရင်ဝိုင်းလိုက်ပြီးမှ တနာရီ ကျော်ကျော်လောက်အကြာမှာ အိမ်မှာပဲစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်” ဟု ကံပေါက် ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူဇနီးမောင်နှံနှစ်ဦးမှာ ကံပေါက်ဒေသ သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်ကြသည့် ကိုအောင် ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဖြစ်သည်။
ကိုအောင်ဇော်ဦးမှာ ယာဉ်မောင်းအလုပ် လုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူ မဥမ္မာအောင်သည် ရင်ခွင်သစ် (ECCD)မူကြိုကျောင်းဖွင့်ကာ ကလေးငယ်များကို ပညာသင်ကြားပေးနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်အထိ ၎င်းတို့နှစ်ဦးကို စစ်ကောင်စီတပ်ကမည်သည့်အတွက် ဖမ်းဆီးခဲ့ကြောင်းကို မသိရ သေးဘဲ ဇွန်လ ၂၁ ရက်နေ့အထိ ဆက်လက်ဖမ်းဆီးထားဆဲဟု ဒေသခံများကပြောသည်။

ထိုအတူ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် လောင်းလုံးမြို့နယ်မှ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်က နေအိမ်၌ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ဖုန်းနှင့် ငွေကျပ် ၈၀၀,၀၀၀ ကျော်ကိုပါ လုယူသွားခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly