နယူးဒေလီတွင် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့၌ ဆန္ဒပြတောင်းဆို

By ပါခွီး၊ ‌ရောင်နီ(မဇ္ဈိမ)
20 June 2023
နယူးဒေလီတွင် မြန်မာဒုက္ခသည်များ UNHCR ရုံးရှေ့၌ ဆန္ဒပြတောင်းဆို

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာဒုက္ခသည်များက “ကမ္ဘာ့ဒုက္ခသည်နေ့” အဖြစ် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရှေ့၌ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကဆန္ဒပြခဲ့ကြ သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ခိုလှုံလာသောမြန်မာနိုင်ငံသားများကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် UNHCR မှ ယနေ့အချိန်ထိ လုပ်ဆောင်မပေးသည့်အပေါ် အမြန်ဆုံး အသိအမှတ်ပြုပေး ရန်တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

“ ကျနော်တို့ကို UNHCR က အခုအချိန်အထိ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်တဲ့ အင်တာဗျူးကိုတောင် မလုပ်သေးဘူး။ ကျနော်တို့အတွက် သူတို့ဘက်က ဖြည့်ဆည်းလုပ်ဆောင်ပေးရမယ့်ဟာတွေကို ပျက် ကွက်နေတဲ့အတွက် အခုလို လာရောက်တောင်းဆိုရတာပါ” ဟု ဆန္ဒပြပွဲသို့ လာရောက်သူတဦးကပြော သည်။

ဆန္ဒပြသူများက အိန္ဒိယနိုင်ငံတွင် ကြာမြင့်စွာခိုလှုံနေသောဒုက္ခသည်များကို တတိယနိုင်ငံသို့ အခြေချ နေထိုင်နိုင်ရေးနှင့် ယင်းသို့နေထိုင်ရန် ဗီဇာရရှိပြီးသူများကို အမြန်ဆုံးထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့ကြ သည်။

“ အခု UNHCR လုပ်ဆောင်ချက်တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံအကြား နားလည်မှုတည် ဆောက်ထားတဲ့အပေါ် အကောင်အထည်ဖော်ပေးသလို ဖြစ်နေတယ်။ ဒါကြောင့် မြန်မာနိုင်ငံကဒုက္ခ သည်တွေအတွက် အကူအညီပေးမှုတွေက လောလောဆယ်မရှိသလောက် ဖြစ်နေတယ်” ဟု India For Myanmar မှ ဆလိုင်းဒိုခါရ်က မဇ္စျိမသို့ပြောသည်။

ဆန္ဒပြသူများထဲမှ ဦးဆောင်သူအချို့သည် ၎င်းတို့၏ တောင်းဆိုချက်များရေးသားထားသော အိတ်ဖွင့် ပေးစာကို UNHCR တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းတို့တောင်းဆိုသည့် အချက်များကိုမရမချင်းဆက်လက်၍ နည်းမျိုးစုံဖြင့် တောင်းဆိုသွားမည်ဖြစ် ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။

မြန်မာဒုက္ခသည်များဆန္ဒပြတောင်းဆိုမှုအပေါ် UNHCR ရုံးဘက်မှ အခြားနည်းလမ်းများဖြစ်သော အခမဲ့ ပြောဆိုနိုင်သည့် ဖုန်းလိုင်းများ၊ အင်တာနက်မှစာရေးသားပေးပို့ခြင်း၊ ကွန်မြူနတီအဖွဲ့အစည်းများမှ တဆင့်သာ ဆက်သွယ်ရန် ထုတ်ပြန်အသိပေးခဲ့သည်။

အခြားဆန္ဒပြသည့်နေရာများတွင်သာ ဆန္ဒထုတ်ဖော်ရန်ဖြစ်ပြီး အကယ်၍ ရုံးချုပ်သို့လာရောက်စုဝေး တောင်းဆိုမည်ဆိုပါက ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသာ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း လည်း UNHCR မှဆိုသည်။

ဆန္ဒပြပွဲကို နယူးဒေလီမြို့အနောက်ပိုင်းတွင် နေထိုင်လျက်ရှိသောမြန်မာဒုက္ခသည်များက ဘတ်စ်ကား ဖြင့် လာရောက်စုဝေးခဲ့ကြပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်နှင့် အိန္ဒိယနိုင်ငံမှ ပညာရှင်အချို့ အပြင် ဒေသခံသတင်းမီဒီယာများပါ လာရောက်ခဲ့ကြသည်။

ယခုပြုလုပ်ခဲ့သည့် ဆန္ဒပြတောင်းဆိုပွဲကို Myanmar Refugees Demand Committee နှင့် India For Myanmar တို့မှဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဟုသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#ဆန္ဒပြတောင်းဆို

#ဒုက္ခသည်

#UNHCR

#အိတ်ဖွင့်ပေးစာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly