ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာ ၁၁ ဦးအထိရှိလာ

By ကိုခင်မောင် (မဇ္ဈိမ)
20 June 2023
ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာ ၁၁ ဦးအထိရှိလာ
ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ် နှင့် ကိုးထောင်ဘို့တိုက်နယ်တို့တွင် ဇွန်လအတွင်း၌ မြွေဆိုးကိုက်ခံရသူ ၁၁ ဦးအထိ ရှိလာသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

“ပိုးထိလူနာတွေက မြွေပွေးပဲများတယ်ဗျ၊ မေလတုန်းကတော့ မြွေဟောက် ကိုက်ခံရတာ နှစ်ယောက်ရှိတယ်၊ အခုက မြွေကိုက်ခံရတဲ့ လူနာက တစ်ရက်ကို တစ်ယောက်နှုန်းမကအောင်ဖြစ်နေလို့  ဆေးဝါးကတော့ အမြဲလိုပါတယ်”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက မဇ္ဈိမသို့ပြောသည်။ 

ယနေ့ ဇွန်လ၂၀ ရက်တွင် ကိုးထောင်ဘို့တိုက်နယ်အတွင်း၌ အသက် ၃၀နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရ၍ မြွေဆိပ်ဖြေဆေး နှစ်လုံးထိုးပေးထားကာ စောင့်ကြည့်နေဆဲ ဖြစ်သည်ဟု ၎င်းကပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကိုးတောင်ဘို့တိုက်နယ်၌ အသက် ၅၀ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် မြွေဆိုးကိုက်ခံရ၍ BPI မြွေဆိပ်ဖြေဆေးလေးလုံးထိုးပေးထားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။

ချပ်သင်းတိုက်နယ်၌ ဇွန်လ ၁၈ ရက်တွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရပြီး ဆေးကုသမှုခံယူနေသည်ဟု သိရသည်။ 

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ ဇွန်လ ၆ရက်တွင် အမျိုးသား တစ်ဦး ၊ ဇွန်လ ၈ ရက်တွင်  အမျိုးသား တစ်ဦး ၊ ဇွန်လ ၁၁ ရက်တွင်အမျိုးသမီး တစ်ဦး၊ ဇွန်လ ၁၃ ရက်တွင် အမျိုးသား တစ်ဦး၊ဇွန်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အမျိုးသမီး နှစ်ဦး နှင့် ဇွန်လ၁၇ရက်တွင် အမျိုးသမီး တစ်ဦးတို့ မြွေဆိုးကိုက်ခံရကြောင်း သိရသည်။

ဇွန်လ ၁ရက်မှ ၂၀ရက်နေ့အတွင်း မြွေဆိုးကိုက်ခံရသည့် လူနာစုစုပေါင်း ၁၁ဦးအထိ ရှိလာပြီဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ ပြုစုထားသည့် စာရင်းအရ သိရသည်။

ယခုစာရင်းများသည် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ လက်လှမ်းမီသမျှ ပြုစုထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုဖြစ်ပွားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြွေဆိုးကိုက်လူနာဦးရေ မြင့်တက်သည်နှင့်အမျှ မြွေဆိပ်ဖြေဆေးများလည်း အရေးပေါ်လိုအပ်လျှက်ရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ 

မိုးတွင်းကာလ ရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာနေကြကြောင်းလည်း သိရသည်။

မြွေဆိုးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သော်လည်း ထပ်ကာတလဲလဲ ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် လက်တွေ့မြေပြင်တွင် အခက်အခဲများစွာရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required