ကရင်နီပြည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် KNPP တိုက်တွန်း

By မဇ္ဈိမ 
20 June 2023
ကရင်နီပြည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် KNPP တိုက်တွန်း

ကရင်နီအမျိုးသားများအားလုံးနှင့်  ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ကရင်နီပြည်ဖြစ်ပေါ်လာရေးအတွက် ညီညွတ်စွာဖြင့် စစ်အာဏာရှင်ကိုတိုက်ထုတ်ကြရန် ကရင်နီအမျိုး သားများတိုးတက်ရေးပါတီ (KNPP) က တိုက်တွန်းလိုက်သည်။

ဇွန်လ ၂၁  ရက်နေ့တွင် ကျရောက်မည့် (၁၄၈) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေး ပို့သော သဝဏ်လွှာတွင် KNPP က ထိုသို့ တိုက်တွန်းထားခြင်း ဖြစ်သည်။

ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးတွင်ပါဝင်ကာ ပိုမိုစည်းလုံးညီညွတ်ပြီး ကျစ်လစ်ခိုင်မာစေရန် တည်ဆောက်နိုင်ရေးသည် အရေးတကြီးလိုအပ်နေကြောင်းလည်း ဆိုသည်။

အင်အားစုများအားလုံး စည်းလုံးညီညွတ်မှသာ တော်လှန်ရေးကာလမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုတည်ဆောက်ရေးကာလအထိ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးအပိုင်းတွင် ခိုင်ခိုင်မာမာချမှတ် ကျင့်သုံးသွားနိုင်မည်ဖြစ်ကြောင်း KNPP က ပြောသည်။

“မှန်ကန်သည့် ဆုံးဖြတ်ချက်၊ ဘုံရပ်တည်ချက်များနှင့်အတူ အကြမ်းဖက် စစ်အာဏာရှင် ချုပ်ငြိမ်းရေး အတွက် အမြန်ဆုံးဆောက်ရွက်ကြရန် လိုအပ်နေပြီ” ဟု KNPP က ပြောထားသည်။

အာဏာရှင်ဟူသမျှချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် အခြားနိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ NUCC ၊ NUG တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း KNPP က ပြောသည်။

ထို့ပြင် စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလအစိုးရတရပ်၏အုပ်ချုပ်ရေးကို ဖော်ဆောင်ရန် ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။
ကရင်နီပြည်နယ်တွင် ကရင်နီတပ်မတော် (KA) မှ စစ်ရေးအရ ဦးဆောင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးတပ်များ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

အာဏာသိမ်း စစ်ကောင်စီသည် ကရင်နီပြည်နယ်အပါအဝင် စစ်မက်ဖြစ်ပွားနေသော အခြားပြည်နယ် များ၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသများတွင် သာလွန်အင်အားဖြစ်သော လက်နက်ကြီးများ၊ အတွဲလိုက် ပစ်ဒုံးကျည်များအပြင် လေကြောင်း အသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

စာတည်း ။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly