မြန်မာနိုင်ငံ၏ အကျပ်အတည်းအခြေအနေက ပြေလည်မသွားသည့်အပြင် “ပိုမို ဆိုးဝါးလာသည်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ယမန်နေ့က ပြောကြားသည်။
ဇွန် ၁၉ ရက်က ဖနွမ်းပင်ရှိ Bak Kheng ရေသန့်စင်စက်ရုံ ဖွင့်ပွဲအခမ်းအနား၌ ပြောကြားရာတွင် ဟွန်ဆန်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ယခု စက်ရုံ အုတ်မြစ်ချအခမ်းအနားကို ၎င်း တက်ရောက်ခဲ့သည့်နေ့က မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။
“ခု ကျွန်တော် ဒီကို ပြန်ရောက်လာခဲ့ပါပြီ။ အဲဒီ တုန်းက ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါကို မြန်မာအတွက် ပြည်တွင်းရေးကိစ္စတစ်ခုအဖြစ် ကျွန်တော်တို့ သဘောထားခဲ့လို့ပါ” ဟု ၎င်းက ပြောသည်။
ယခုအချိန်တွင် မြန်မာ၏ အခြေအနေက ပြေလည်အောင် မဖြေရှင်းနိုင်သည့်အပြင် ပိုမို ဆိုးဝါးလာသည့်ပုံပေါ်နေကြောင်း ဟွန်ဆန်က မှတ်ချက်ပြုသည်။ အရေးအကြီးဆုံးသော အချက်က မြန်မာနိုင်ငံ လုံးလုံးလျားလျား ပြည်တွင်းစစ်တစ်ခုထဲ သက်ဆင်းမသွားစေရေး ကာကွယ်ရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဖေဖေါ်ဝါရီတုန်းက ကမ္ဘောဒီးယားမှာ ဒီ ရေသန့်စင် စက်ရုံတစ်ရုံ စတင်တည်ဆောက်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မြန်မာမှာတော့ အာဏာသိမ်းမှုဖြစ်ခဲ့တယ်။ COVID-19 ကပ်ရောဂါနဲ့ အခြား အလျဉ်ပြတ်ပြားမှုတွေ ရှိခဲ့ပေမယ့် ဒီ စက်ရုံရဲ့ ပထမအဆင့်ကို ဒီနေ့မှာ တရားဝင် ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒုတိယအဆင့်ကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဟွန်ဆန်က ပြောသည်။
“သိသာထင်ရှားတာကတော့ ဒီလိုမျိုး အောင်မြင်မှုတွေဟာ ကမ္ဘောဒီးယားမှာ ကျွန်တော်တို့ ခံစားရရှိတဲ့ ငြိမ်းချမ်းမှုကြောင့် ဖြစ်တာပါ။ ဒါကိုကြည့်ပြီး နှစ်နိုင်ငံအကြား ခြားနားချက်အပေါ် ဆင်ခြင်သုံးသပ်သင့်ပါတယ်။ လူ့အသက်ဘဝတွေ၊ ပစ္စည်းဥစ္စာ၊ အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေကလွဲလို့ ခု မြန်မာရဲ့ နောက်ဆုံး ရရှိတဲ့ အောင်မြင်မှုတွေက ဘာတွေများလဲ” ဟု ဟွန်ဆန်က မေးခွန်းထုတ်သည်။
မြန်မာရှိ ယိုယွင်းဆိုးရွားလာနေသော အကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေသည့် နိုင်ငံတချို့အကြား အလွတ်သဘော ဆွေးနွေးပွဲတစ်ခုကို ယမန်နေ့က ထိုင်းက အိမ်ရှင်အဖြစ် ပြုလုပ်ခဲ့သည်။
ထိုင်းက ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ၌ ကမ္ဘောဒီးယားအပြင် တရုတ်၊ အိန္ဒိယအပါအဝင် အခြားနိုင်ငံခုနစ်နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက “အရေးတကြီး ကိစ္စများ” ရှိသည့်အတွက် အထက်ပါ ထိုင်းတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ခွန် ဖော့ခ်က ကိုယ်စားပြု တက်ရောက်ခဲ့သည်ဟု နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။