ဗလင်စီယာနည်းပြအဖြစ်မှ ဂယ်ရီနဗီးလ် ထုတ်ပယ်ခံရ

ဗလင်စီယာနည်းပြအဖြစ်မှ ဂယ်ရီနဗီးလ် ထုတ်ပယ်ခံရ

မတ် ၃၁၊ စပိန် ။           ။ စပိန်ကလပ်အသင်း ဗလင်စီယာကို လေးလကြာနည်းပြခဲ့ပြီးနောက် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်သည် ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ဂယ်ရီနဗီးလ်သည် အင်္ဂလန်အသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလကမှ နည်းပြချုပ်အဖြစ် ပထမဆုံး တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဂယ်ရီနဗီးလ်၏ လက်အောက်တွင် ဗလင်စီယာအသင်းသည် လာလီဂါပြိုင်ပွဲ ၁၆ ပွဲတွင် ၃ ပွဲသာ အနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲတွင် ၁၀ ပွဲ အနိုင်ရခဲ့သည်။ ဗလင်စီယာအသင်းမှာ လက်ရှိတွင် အဆင့် ၁၄ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်မှ အသင်းနှင့် ခြောက်မှတ်သာ ကွာဟနေသည်။

ဂယ်ရီက ၎င်းအနေဖြင့် ဗလင်စီယာနည်းပြအဖြစ် ဆက်ရှိနေလိုသော်လည်း အသင်းမှ လိုချင်သည့် ရလဒ်များရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

'ကျွန်တော် အစပြုပြီးတဲ့ ဒီအလုပ်ကို ဆက်လုပ်ချင်ပါတယ်။ ဒါပေမဲ့ ရလဒ်ပိုင်းက အရေးကြီးတယ်ဆိုတာကိုလည်း နားလည်ပါတယ်' ဟု ပြောဆိုခဲ့သည်။

လက်ထောက်နည်းပြ ပါကိုက ရာသီကုန်အထိ ဗလင်စီယာနည်းပြအဖြစ် တာဝန်ယူသွားမည် ဖြစ်ပြီး လက်ရှိတွင် မန်စီးတီးမှ ထုတ်ပယ်ခံထားရသည့် နည်းပြပယ်လီဂရီနီမှာ ဗလင်စီယာနည်းပြ ဖြစ်လာရန် ရေပန်းစားလျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly