ဂျာနယ်လစ်အသတ်ခံရမှုအတွက် နိုင်ငံရေးသမား ၁ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျာနယ်လစ်အသတ်ခံရမှုအတွက် နိုင်ငံရေးသမား ၁ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး
Photo-AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျာနယ်လစ်တစ်ဦး အသတ်ခံရသည့် လူသတ်မှုကို ကြိုးကိုင်စီစဉ်မှုဖြင့် နိုင်ငံရေးသမားတစ်ဦးကို ရဲတပ်ဖွဲ့က ဇွန်လ ၁၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ အဆိုပါ ဖမ်းဆီးခံရသည့် နိုင်ငံရေးသမားသည် ၎င်း၏ မိသားစုအကြောင်း သတင်းစတိုရီများ ရေးသားခဲ့သည့် ဂျာနယ်လစ်ကို သတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့သူဖြစ်ကြောင်း စွပ်စွဲခံထားရသည်။

တစ်နိုင်ငံလုံးအနှံ့ လိုက်လံရှာဖွေပြီးနောက် အိန္ဒိယနယ်စပ်အနီးတွင် နိုင်ငံရေးသမား မာမူဒူလ် အလမ် ဘာဘူ ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံ၏ အထူး မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ (RAB) က ထုတ်ပြန်သည်။၊

အသက် ၅၀ နှစ်အရွယ်ရှိ နိုင်ငံရေးသမား အလမ် ဘာဘူသည် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ဂျာနယ်လစ် ဂိုလမ် ရတ်ဘာနီ နာဒင်းမ် အသတ်ခံရသည့် လူသတ်မှုကို စီစဉ်ညွှန်ကြားသူဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

နာဒင်းမ်သည် ဂျမယ်လ်ပူရ် ခရိုင်ရှိ ၎င်း၏ နေအိမ်အနီး အမျိုးသားတစ်စု၏ ရိုက်နှက်ခြင်းကို ခံရပြီး ထို့နောက် ဆေးရုံ၌ သေဆုံးခဲ့သည်။

အလမ် ဘာဘူ၏ မကြာသေးခင် ကွာရှင်းပြတ်စဲမှုနောက်ပိုင်း ကလေး အုပ်ထိန်းခွင့် အငြင်းပွားမှုနှင့်ပတ်သက်ပြီး သတင်းများ ရေးသားခြင်းအတွက် နာဒင်းမ်ကို ဘာဘူက လက်စားချေခဲ့ခြင်း ဖြစ်သည်ဟု ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဆိုဟဲလ် ရာနာက အေအက်ဖ်ပီကို ပြောသည်။

“သူ (အလမ် ဘာဘူ) က ဒီ ဂျာနယ်လစ် အသတ်ခံရတဲ့ လူသတ်မှုမှာ နံပါတ်တစ် စွပ်စွဲခံရသူ ဖြစ်တယ်” ဟု ရာနာက ပြောသည်။

“လူတစ်စုက နာဒင်းမ်ကို ရိုက်နှက်ခဲ့ချိန်မှာ အဲဒီနေရာမှာ သူ့ (အလမ် ဘာဘူ) ကို သတင်းသမားတစ်ယောက်က မျက်မြင်တွေ့ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ဘာဘူသည် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ၏ အာဏာရ အဝါမီ အဖွဲ့ချုပ်ပါတီ၏ ဒေသဂိုဏ်းတစ်ခု၏ အထွေထွေအတွင်းရေးမှူး ဖြစ်ကြောင်း ရာနာက ပြောသည်။

လူသတ်မှုတွင် သံသယရှိသူအဖြစ် သတ်မှတ်ခံရပြီးနောက် ဘာဘူကို ချက်ချင်း ထုတ်ပယ်ကြောင်း ပါတီက ကြေညာသည်။

ထို လူသတ်မှုနှင့်ပတ်သက်၍ အခြား လူခြောက်ဦးလည်း ဖမ်းဆီးခံထားရကြောင်း ရာနာက ပြောသည်။

ဘာဘူသည် ၎င်းမိသားစု၏ အငြင်းပွားမှုကိစ္စနှင့်ပတ်သက်၍ နာဒင်းမ်က “အကျယ်တဝင့် သတင်းရေးသားမှု” အပေါ် ဒေါသထွက်ခဲ့ကြောင်း ဒေသ သတင်းမီဒီယာအသင်းတိုက်၏ ဥက္ကဋ္ဌ ရှာဟင်းန် အယ်လ် အမင်က အေအက်ဖ်ပီကို ပြောသည်။

အသရေဖျက်မှုဖြင့် နာဒင်းမ်ကို ဘာဘူက ဇွန် ၁၃ ရက်တွင် တရားစွဲခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည်ဟု အမင်က ပြောသည်။

“နောက်တစ်နေ့မှာပဲ နာဒင်းမ်ကို ဘာဘူရဲ့ လူတွေက တိုက်ခိုက်ခဲ့တာပါပဲ။ သူ (နာဒင်းမ်) ရဲ့ ခေါင်းမှာ အုတ်ခဲနဲ့ အရိုက်ခံခဲ့ရပါတယ်။ ကိုယ်တွင်း သွေးယိုမှုကြောင့် သူ သေဆုံးသွားတာပါ” ဟု ၎င်းက ပြောသည်။

ထို လူသတ်မှုဖြစ်ပြီးနောက် ကျူးလွန်သူ တရားခံများကို ဖမ်းဆီးရေး တောင်းဆိုလျက် ဂျာနယ်လစ်အသင်းအဖွဲ့များက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၂၃ ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံ ၁၈၀ အနက် ဘင်္ဂလားဒေ့ရှ်ကို အဆင့် ၁၆၃ တွင် ထားရှိခဲ့သည်။

Bangladesh arrests politician over journalist's murder

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required