သာဇင်ကျေးရွာမှ နေအိမ်အလုံး ၆၀၀ အား ပြည်သူ့ကာကွယ်ရေးတပ်များမီးရှို့ဟု သတင်းမှားဖြန့်  

By ZZ (မဇ္ဈိမ)
17 June 2023
သာဇင်ကျေးရွာမှ နေအိမ်အလုံး ၆၀၀ အား ပြည်သူ့ကာကွယ်ရေးတပ်များမီးရှို့ဟု သတင်းမှားဖြန့်  

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နှင့်ကပ်လျက်ရှိသည့် သာဇင်ကျွေးရွာမှ နေအိမ်အလုံး ၆၀၀ ကျော် အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မီးရှို့သွားသည်ဆိုသောသတင်းများ ပျံ့နှံ့လျက်ရှိသည်။ ယင်းအကြောင်းအရာမှာ မှားယွင်းနေသည်။ 

Myanmar Hard Talk အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဇွန်လ ၁၅ ရက်နေ့တွင် “ဆားတောင်ဈေးထဲမှာ ဇောင်းထပြခဲ့တဲ့ သာဇင်ရွာကအကြမ်းဖက်စခန်းကို ဝင်ဗျင်း၊ အကြမ်းဖက်တွေက ရွာကိုမီးရှို့ထွက်ပြေး သွားလို့ နေအိမ် ၆၀၀ ကျော် မီးလောင်ပျက်စီး” ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ရေးသားဖြန့်ဝေခဲ့သည်။ 

ယင်းသတင်းအား ကြည့်ရှုသူ ၃၀,၀၀၀ ကျော်ရှိခဲ့ပြီး အခြားတယ်လီဂရမ်ချန်နယ် ၁၄ ခုနှင့် ဖေ့စ်ဘုတ်တွင် လည်း ပျံ့နှံ့နေသည်။ 

မဇ္ဈိမမှ ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာတွင် သတင်းမှားဖြစ်ကြောင်း တွေ့ရှိရသည်။ 

ထိုအကြောင်းနှင့်ပတ်သက်၍ “စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး” ဖေ့စ်ဘုတ်ပေ့ချ်က စစ်ကောင်စီ စစ်ကြောင်းမှ သာဇင်ကျေးရွာရှိ အိမ်ခြေ ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီး တဦးကို သတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၁၄ ရက်နေ့က ဖော်ပြထားသည်။ လင့် - https://bit.ly/443x5iT 

စစ်ကိုင်းတိုင်းဆေးတပ်ဖွဲ့ကလည်း ဇွန်လ ၁၄ ရက်နေ့တွင် ဆားတောင်မြို့နယ် သာဇင်ကျေးရွာကို စစ်ကောင်စီတပ်များက မီးရှို့မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အရေးပေါ် အကူ အညီများလိုအပ်နေကြောင်း ဖော်ပြထားသည်။ လင့် - https://bit.ly/446YhgD

ထိုအကြောင်းကို သတင်းမီဒီယာများ ဖြစ်သည့် Radio Free Asia (RFA) , Myanmar Now တို့၌လည်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် သာဇင်ကျေးရွာကို စစ်ကောင်စီမှ ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ကြောင်းကို ဖော်ပြထားသည်။ လင့် - https://bit.ly/42PAgtw , https://shorturl.at/ijuBS

ထို့အကြောင်းနှင့်ပတ်သက်၍ မြင်းခြံခရိုင် တပ်ရင်း(၇)ဇီးရိုးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး အားဆက်သွယ်မေးမြန်းရာတွင်  “ နာမည်ကိုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လေဗျာ။ ပြည်သူတွေကို ကာကွယ်နေရတဲ့ကျွန်တော်တို့က ဒီလိုအလုပ်မျိုးလုပ်စရာအကြောင်းကို မရှိပါဘူး။ ကျွန်တော် ဒီလောက် ပဲပြောချင်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။ 

စစ်ကိုင်းမြို့အနီး ဆားတောင်မြို့ပေါ်တွင် ဇွန်လ ၆ ရက်နေ့က မြင်းခြံခရိုင် တပ်ရင်း (၇) ဇီးရိုး ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်များမှ လက်နက်အဖြည့်အစုံဖြင့် သွားလာနေသည့်ရုပ်သံဖိုင်များ ပျံ့နှံ့ခဲ့ ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။ ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီအနေဖြင့် အမြဲလိုလို ၎င်းတို့စစ်ကြောင်းဝင်ရောက်သည့်နေရာများအား မီးရှို့ဖျက်ဆီးနေကြ ဖြစ်ပြီး ၎င်းတို့ကိုထောက်ခံနေသူများက ယင်းဖြစ်စဉ်များအား PDF များပြုလုပ်ခြင်းဖြစ်ကြောင်း သတင်း မှားဖြင့် ဝါဒဖြန့်နေဆဲဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly