ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ

By ကိုခင်မောင် (မဇ္စျိမ)
17 June 2023
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ၆ ဦး မြွေဆိုးကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့ ဇွန်လ ၁၇ ရက်အထိ မြွေဆိုးကိုက်ခံရသူ စစ်ဘေးရှောင် ခြောက်ဦးရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်၏ မှတ်တမ်းများအရ သိရသည်။

မြွေဆိုးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အသိပညာပေးမှုများ ပြုလုပ်သော်လည်း ထပ်ကာတလဲလဲ ထွက်ပြေးနေရသော စစ်ဘေးဒုက္ခသည်များအတွက် လက်တွေ့မြေပြင်တွင် အခက်အခဲများစွာရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

“တချို့တွေက ကျွန်တော်တို့ကတစ်ဆင့် စစ်ရှောင်လူထုကို ပညာပေးဟောပြောဖို့ တောစီးဖိနပ်စီးဖို့ တွင်တွင်ပြောကြတယ်၊ တိုက်တွန်းကြပါတယ်ဗျ၊ ဒါ‌ပေမယ့် ကျွန်တော်တို့ တကယ့်လက်‌တွေ့ဘဝမှာက ကိုယ့်အိမ်ကိုယ့်ယာတွေကို စွန့်ပစ်ပြီး အဝတ်နှစ်စုံသုံးစုံနဲ့ တောထဲတဲထိုးပြီး စစ်ရှောင်နေရတဲ့ပြည်သူတွေ အဲ့လိုနေတာတောင် အစိုးမရဘူး၊ စစ်ကြောင်းထိုးလာပြန်ပြီဆိုရင် အဲ့ဒီယာယီတဲလေးတွေစွန့်ပြီး ထပ်ပြေးကြရတဲ့ ဘဝတွေပါ၊ ဒီကြားထဲ မိအိုဖအိုနဲ့ ကလေးသူငယ်တွေပါတဲ့ မိသားစုတွေ ပိုဒုက္ခကြုံကြရပါတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိက ပြောသည်။

ကိုးတောင်ဘို့တိုက်နယ်၊ စစ်‌ရှောင်တဲတွင်နေထိုင်သော အသက် ၃၁ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပဲစိမ်းငုံစိုက်ရန် ယာခင်းသို့အသွားမှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်တွင်  မြွေဆိုးကိုက်ခံရပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားများအဖွဲ့က ပြောသည်။

အဆိုပါ အမျိုးသမီးကို မြွေ‌ဆိပ်ဖြေဆေး BPI လေးလုံး ထိုးပေးထားရပြီး စောင့်ကြည့်နေဆဲဖြစ်ကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ကျန်းမာရေးအဖွဲ့များထံမှ သိရသည်။

ဇွန်လ ၁၄ ရက် နံနက်ပိုင်းတွင်လည်း ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဘုရားပန်းထိုးရန် ပန်းချိုးရင်း မြွေကိုက်ခံရ၍  မြွေဆိပ်ဖြေဆေး BPI နှစ်လုံးထိုးပေးထားရပြီး ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

မိုးတွင်းကာလရောက်လာသည်နှင့်အမျှ မြွေဆိုးအန္တရာယ်လည်း ပိုမိုကြုံတွေ့ လာရပြီး စစ်‌ရှောင်များအနေဖြင့် ပိုမိုခက်ခဲလာနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်တွင်လည်း စစ်ရှောင်တဲ၌ နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် စစ်‌ရှောင်အမျိုးသမီးတစ်ဦး မြွေဆိုးကိုက်ခံရပြီး အချိန်မီ ဆေးကုသနိုင်ခဲ့၍ နေကောင်းကျန်းမာနေပြီဖြစ်ကြောင်း သိရသည်။

“ဒီ ခြောက်လပိုင်းထဲမှာ မြွေကိုက်ခံရတာ ခြောက်ယောက်ရှိတယ်၊ အကုန်လုံးက အချိန်မီ ဆေးကုသနိုင်ခဲ့ပါတယ်၊ အခု ကျန်းမာရေးတွေ ကောင်းနေပြီ မစိုးရိမ်ရတော့ဘူးဗျ” ဟု မြွေဆိုးကိုက်ခံရသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ကန့်ဘလူခရိုင်အတွင်း၌  ချပ်သင်း၊ ကိုးထောင်ဘို့၊ ထန်းကုန်း စသည့်ဒေသများသည်  မြွေဆိုးကိုက်ခံရမှု အများဆုံးဖြစ်ပွားနေသော ဒေသများဖြစ်ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ပြီးခဲ့သည့်မေလအတွင်း စစ်ဘေးရှောင်ရှစ်ဦး မြွေဆိုးကိုက်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင်  ဧပြီလအတွင်းကလည်း စစ်ဘေးရှောင်လေးဦး မြွေဆိုးကိုက်ခံခဲ့ရပြီး အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

စာတည်း။     ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required