စစ်ရေး ဦးစားပေးနေရ၍ CDM ထောက်ပံ့မှု အားနည်းနေဟု NUG ဝန်ကြီး တောင်းပန်

By 002 (မဇ္ဈိမ)
16 June 2023
စစ်ရေး ဦးစားပေးနေရ၍ CDM ထောက်ပံ့မှု အားနည်းနေဟု NUG ဝန်ကြီး တောင်းပန်

စစ်ရေးကိုဦးစားပေးနေရပြီး CDM များကို ထောက်ပံ့မှု အားနည်းရသဖြင့် တောင်းပန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာတူးခေါင်က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ တွေ့ဆုံခြင်းအစီအစဉ်တွင် တောင်းပန်ခဲ့ပြီး CDM  ထောက်ပံ့ကြေးများ ပေးနေသော်လည်း အားလုံးကို မလွှမ်းခြုံနိုင်သေးကြောင်း ဝန်ကြီးက ဝန်ခံသည်။

ဝန်ထမ်းအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် တောင်းပန်လို ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်  အထောက်အပံ့အကူအညီများကိုလည်း ဦးစားပေးထောက်ပံ့ပေးနေကြောင်း၊ CDM Success Committee က CDM ရေးရာကိစ္စများကို တာဝန်ယူဆောင်ရွက်နေ ကြောင်း ၎င်းကဆက် ပြောသည်။

တော်လှန်ရေးအတွက် စစ်ရေးပိုင်းတွင် ဦးစားပေးဆောင်ရွက်နေရသဖြင့် CDM ထောက်ပံ့မှုအားနည်းခြင်းဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု များစွာရှိကြောင်း၊ တော်လှန်ရေး အမြန်ဆုံးပြီးဆုံးရေး စောင့်မျှော်နေကြသည်ကို နားလည်ပါကြောင်း ဝန်ကြီးက ဆိုသည်။

NUG အနေဖြင့် တော်လှန်ရေး အောင်မြင်ရန် အစဉ်တစိုက် ဆောင်ရွက်နေ ကြောင်း၊ အချို့ကိစ္စရပ်များကို လျှို့ဝှက်အနေဖြင့် ချပြနိုင်ခြင်းမရှိသေး ကြောင်း၊ တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေ ရရှိရေး တရားမဝင်သစ်ဖမ်းဆီးခြင်း/ သယံဇာတ တူးဖော် ခြင်းများအပေါ် ဒဏ်ကြေးကောက်ခံခြင်းမှ တစ်ဖက်တစ်လမ်း ဆောင်ရွက်နေပါကြောင်း၊ ယခင်တော်လှန်ရေးများတွင် ကိုယ်ထူကိုယ်ထ ရန်ပုံငွေ ရှာဖွေနိုင်ခြင်းမရှိခဲ့သော်လည်း ယခုတော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီ ဖြစ်ကြောင်း ဒေါက်တာ တူးခေါင်က ပြောသည်။

CDM များအနေဖြင့် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပြီးဆုံးသည် အထိ လက်တွဲသွားစေလိုကြောင်း၊ ဘဝပေါင်းများစွာ ရင်းနှီးခဲ့ရသူများဖြစ်သည့်အတွက် CDM ဝန်ထမ်းအားလုံးကို လေးစားပြီး ယနေ့အချိန်အထိ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်က ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly