မြန်မာမူးယစ်ကုန်ကူးသူများကို speed ဆေးပြား ၃၀၀,၀၀၀ ကျော်နှင့်အတူ ထိုင်း ဖမ်းမိ

မြန်မာမူးယစ်ကုန်ကူးသူများကို speed ဆေးပြား ၃၀၀,၀၀၀ ကျော်နှင့်အတူ ထိုင်း ဖမ်းမိ
Photo-AFP

ထိုင်းနိုင်ငံ ချင်းမိုင်မြောက်ပိုင်းနယ်စပ်ပြည်နယ်၏ ချန်ဒါအိုခရိုင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မြန်မာမူးယစ်ကုန်ကူးသူနှစ်ဦးကို speed ဆေးပြား ၃၀၀,၀၀၀ ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကြာသပတေးညက မောင်းနအရပ်၌ ဆူအန်လမ်ရိုင်နယ်စပ်အနီး နယ်စပ်တစ်လျှောက် ကျောပိုးအိတ်များဖြင့် သွားနေကြသော သံသယရှိသူ သုံးဦးကို စစ်တပ်၏ ရိန်ဂျာတပ်ဖွဲ့က တွေ့ရှိခြင်း ဖြစ်သည်။ စစ်သားများက ရှာဖွေရန် ၎င်းတို့အား ရပ်တန့်ရန် အချက်ပြသော်လည်း ၎င်းတို့က ချက်ချင်းပင် ထွက်ပြေးကြခြင်း ဖြစ်သည်။ တာဝန်ရှိသူများက လိုက်လံကြရာတွင် ၎င်းတို့မှ နှစ်ဦးကို လက်ငင်းဖမ်းဆီးမိပြီး ဖမ်းမိသူ နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိသည့်အထဲတွင် ကျောပိုးအိတ်အတွင်း၌ ဆေးပြား ၃၄၂,၀၀၀ သယ်ဆောင်လာသည်ကို သိမ်းဆည်းရမိသည်။ ထို သံသယရှိသူများကို နာဝေရဲစခန်းသို့ စုံစမ်းစစ်ဆေးရန် လက်လွှဲပေးပို့ခဲ့ကြောင်း ဖမ်းဆီးသည့်အဖွဲ့က ပြောသည်။

နယ်စပ်ဧရိယာများတွင် လုံခြုံရေးတာဝန်ရှိသူများကို အချိန်ပြည့်ချထားပြီး မူးယစ်ကုန်ကူးသည့် အုပ်စုငယ်တစ်စု တောလမ်းမှနေ၍ ထိုင်းနိုင်ငံအတွင်း တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးရန် ကြိုးစားနေသည်ဆိုသော ထောက်လှမ်းရေးသတင်း ရရှိထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.bangkokpost.com/thailand/general/2593310/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required