ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား စစ်ကောင်စီတပ်မီးရှို့ ၊ ရွာခံများကို ဓားစာခံလုပ်ခေါ်ဆောင်သွား

By KMN (မဇ္ဈိမ)
16 June 2023
ဆားတောင်မြို့နယ် သာဇင်ရွာနှင့် ပေါက်မရွာများအား စစ်ကောင်စီတပ်မီးရှို့ ၊ ရွာခံများကို ဓားစာခံလုပ်ခေါ်ဆောင်သွား
Photo - CJ / စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေး (မီးရှို့ဖျက်ဆီးခံရသည့် သာဇင်ရွာ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ သာဇင်ရွာနှင့် ပေါက်မရွာများအား ဇွန်လ ၁၃ ရက်နေ့မှစတင်၍ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းများမှ အကြမ်းဖက်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာခံများကို ဓားစာခံလုပ်ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ အနောက်ဘက် အိမ်ခြေ ၁,၀၀၀ ခန့်ရှိသည့် သာဇင်ကျေးရွာကို ဇွန်လ ၁၃ ရက်နေ့တွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၆၀၀ ခန့် မီးလောင်ပြာကျသွားပြီး အသက် ၆၀ နှစ်အရွယ် အမျိုးသမီကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် သာဇင်ရွာကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အိုင်းဓမ္မရွာမှ နေအိမ် ၁၀ လုံး မီးရှို့ခဲ့သည်။ ၎င်းနောက် ဇွန်လ ၁၅ ရက်နေ့တွင် ပေါက်မရွာ တောင်ခြမ်း၊မြောက်ခြမ်းများကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့သည်။

၎င်းစစ်ကြောင်းသည် သာဇင်ကျေးရွာမှ ပြည်သူ ၂၅ ဦး၊ အိုင်းဓမ္မကျေးရွာနှင့် ပေါက်မရွာ မှ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သိရှိရပြီး မဇ္ဈိမက သီးခြားစုံစမ်းနေဆဲဖြစ်သည်။ 

 ဇွန်လ ၁၄ ရက်နေ့တွင်သာဇင်ကျေးရွာမှ ရွာသား ၄၀ ခန့်ဖမ်းဆီးခံခဲ့ရပြီး‌နောက် ညနေပိုင်းတွင် အမျိုးသမီးများပြန်လွတ်ခဲ့ကြောင်း၊ အမျိုးသား အယောက် ၃၀ ခန့် ဓားစာခံပြုလုပ်ခံနေရပြီး ယနေ့ချိန်ထိပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့နယ်နှင့် ဆားတောင်မြို့နယ်သို့ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်စဉ် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးဒဏ်ရာရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) မြင်းခြံခရိုင် တပ်ဖွဲခေါင်းဆောင်ကိုသက်ကြီးက မဇ္ဈိမကို ပြောကြားသည်။

"မနေ့က မီတာ ၁၀၀ လောက်ပဲကွာတဲ့စစ်ကြောင်းကို မဟာမိတ် သုံးဖွဲ့ပေါင်းပြီးဖြတ်တိုက်ခဲ့တယ်။ သူတို့ဘက်က ၂၀ ကျော်သေတယ်။ ၂၀ ကျော်လောက်ဒဏ်ရာရတယ်ပေါ့။ ပေါက်မရွာကို မီးရှို့တယ်လို့တော့ ကြားတယ်" ဟု ၎င်းကဆိုသည်။

အင်အား ၁၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လဆန်းတွင် ဝင်လက်မြို့နယ်မှတစ်ဆင့် စစ်ကိုင်းမြို့နယ် ပဒူရွာကိုဝင်ရောက်ခဲ့ပြီး ရေတွင်းခေါင်း၊ မုံညွန့်၊ အောင်မြေ၊ ကြခပ်၊ စမွန်း၊ ရုံးပင်၊ ဘောက်သောက်၊ လင်းယဉ်၊ ရွာသစ် အစရှိသည့်ကျေးရွာများအား စစ်ကြောင်းထိုးခဲ့သည်။ 

၎င်းနောက် ညောင်ငုတ်တို မှတစ်ဆင့် ဆားတောင်မြို့နယ်ကို ရောက်ရှိလာပြီး သာဇင်ရွာနှင့် ပေါက်မရွာများအား စစ်ကြောင်းထိုးကာ မီးရှို့ခဲ့ပြီး
ဒေသခံကာကွယ်ရေးတပ်များနှင့် ဇွန်လ ၁၃၊ ၁၄၊ ၁၅ သုံးရက်တာတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဆားတောင်မြို့နယ်၊ သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက်မရွာနှင့်အနီးအနားကျေးရွာဒေသခံ ထောင်ချီမှာ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly