နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

By 001 (မဇ္စျိမ)
16 June 2023
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မွေးနေ့တွင် ပန်းသပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်‌မြောက် မွေးနေ့တွင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ပန်းသပိတ်ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

“ဒီပန်းသပိတ်တိုက်ပွဲက ဘာကိုရည်ရွယ်သလဲ။ ဘာကိုဖော်ညွှန်းသလဲဆိုရင် ကျွန်တော်တို့ ဒီ စစ်အာဏာရူးတွေပေါ့။ ပြည်သူလူထုကို ကြောက်သွားအောင် ၊ တိတ်သွားအောင်၊ သွေးကြောင်သွားအောင် နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်တယ်။ ဖိနှိပ်တယ်။ သို့သော် ကျွန်တော်တို့ လူထုရဲ့ တော်လှန်သွေး၊ တော်လှန်စိတ်၊ တော်လှန်မာန်တွေကတော့ လုံးဝ ဆုတ်လျော့သွားခြင်း၊ ကျဆင်းသွားခြင်းမရှိဘူး။ လူထုရဲ့ တော်လှန်သွေး ရဲရဲနီဆဲဆိုတာကို ဒီပန်းသပိတ်တိုက်ပွဲကြီးကနေပြီးတော့ ဖော်ဆောင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာ တေဇာဆန်းက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ အဓမ္မ ဖမ်းဆီးခံထားရသည့် သောင်းနှင့် ချီသည့် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုလေးစား အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြသည့် အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းသော အားဖြင့်လည်းကောင်း ပန်းသပိတ်လှုပ်ရှားမှုကို နိုင်ငံလုံးကျွတ် ဆင်နွှဲကြရန် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ဇွန်လ ၁၅ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။

အဆိုပါ ပန်းသပိတ်ကို ပြည်သူများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲနိုင်ပြီး ပန်းအမျိုးအစား၊ အသွေးအရောင် ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် အထူးသဖြင့် စစ်ကောင်စီနယ်မြေတွင် ရှိသူများလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိထားပြီး ဆောင်ရွက်ကြရန် ဒေါက်တာတေဇာဆန်းက သတိပေးသည်။

“ပြောရရင် အဲ့ဒီနေ့ ဇွန် ၁၉ မှာ ကိုယ့်အိမ်က ဘုရားပန်းအိုးက ပန်းအသစ်လဲတာကအစ ကိုယ့် နိစ္စဓူဝ အလုပ်ခွင်သွားတယ်။ အိမ်မှာနေရင်း အပြင်ထွက်ရင်း ပန်းပန်မယ်။ ပန်းလေး ရင်ဘတ်မှာ ထိုးမယ်။ တခြားပေါ့ဗျာ။ ပန်းပါဝင်တဲ့ ပန်းနဲ့ ပတ်သက် ဆက်စပ်တဲ့ ဖော်ဆောင်မှုတွေကို မိမိတို့ဉာဏ်ရှိသလို ကွန့်မြူးပြီး ဖော်ဆောင်ကြဖို့ဖြစ်ပါတယ်”ဟုဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်များနှင့် Social Influencersများကလည်း ခွန်အားဖြည့်မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိသည့် တော်လှန်ရေးအားဖြည့်သီချင်းများကို ဆိုကြ၊ တီးကြမည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုမျိုးနှလုံးရည်နည်းလို့ခေါ်ရမယ့် လူထုတိုက်ပွဲနည်းတွေကလည်း အာဏာရှင်စနစ်ဆန့်ကျင်ရေးတော်လှန်ရေးမှာအစွမ်းအာနိသင်ကြီးမားတယ်ဆိုတာလည်း ကျွန်တော်တို့ ပြည်သူအများ အသိဖြစ်ပါတယ်။ ဒါကြောင့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကြီး ပုံဖော်ဆင်နွှဲကြပါလို့လို့ အထူးတိုက်တွန်းနှိုးဆော်လိုပါတယ်”ဟု ဒေါက်တာတေဇာဆန်းက တိုက်တွန်းသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ဖမ်းဆီးထိန်းသိမ်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်း၏ အသက် ၇၆ နှစ်နှင့် ၇၇ နှစ်ပြည့်မွေးနေ့တို့ကိုလည်း စစ်ကောင်စီဖမ်းဆီးချုပ်နှောင်ထားသည့် နေရာတွင်ပင် ဖြတ်သန်းခဲ့ရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required