မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများ၏ လုပ်ခလစာရရှိမှုသည် အနိမ့်ဆုံးလုပ်ခလစာအောက် ရောက်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) ၏ လေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်။ ILO သည် အဆိုပါ သုံးနိုင်ငံရှိ ရွှေ့ပြောင်း အိမ်အကူလုပ်သား ၁,၂၀၁ ဦးနှင့် အလုပ်ရှင် ၆၁၀ ဦးကို မေးမြန်းပြီး ယခုလေ့လာချက်ကို ဖော်ပြခြင်း ဖြစ်သည်။
ရွှေ့ပြောင်း အိမ်အကူအလုပ်သမားများသည် နားလည်ရှင်းလင်းစွာ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် အခြားသူများ၏ စိတ်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း ကဲ့သို့ တောင်းဆိုချက်မြင့်မားသော လွှဲပြောင်းပေးအပ်နိုင်သည့် အရည်အချင်းများကို လိုအပ်သည့် အလုပ်များကို လုပ်ကိုင်ကြရသည် ဆိုသော်လည်း ၎င်းတို့၏ အလုပ်အကိုင်ခန့်အပ်မှု အခြေအနေများက အားရစရာမရှိဟု လေ့လာချက်အရ သိရသည်။
ထိုလေ့လာချက်သည် ၂၀၂၂ ဇူလိုင်နှင့် စက်တင်ဘာအကြား ဒေတာအချက်အလက်များကို ကောက်ယူထားခြင်း ဖြစ်သည်။
နိုင်ငံသုံးနိုင်ငံထဲတွင် အထူးသဖြင့် စင်္ကာပူရှိ အိမ်အကူလုပ်သားများသည် နာရီအများဆုံး အလုပ်လုပ်ရသည်ဟု သိရပြီး ၎င်းတို့၏ အလုပ်ချိန်မှာ ပျမ်းမျှအားဖြင့် တစ်နေ့လျင် ၁၂ နာရီ ၄၈ မိနစ်ခန့် ၊ တစ်ပတ်လျှင် ၈၁ နာရီခန့် ဖြစ်သည်။ ယင်းက အခြားသော လုပ်ငန်းကဏ္ဍများအတွက် တစ်ပတ်လျင် အများဆုံး ၄၄ နာရီ ဆိုသည့် အမျိုးသားစံသတ်မှတ်ချက်၏ နှစ်ဆနီးပါး ဖြစ်သည်။
၎င်းတို့၏ အလုပ်လုပ်ကိုင်ရသည့် နာရီများကို ထည့်သွင်းစဉ်းစားချိန်တွင် ၎င်းတို့၏ ပျမ်းမျှ လုပ်ခ လစာ တစ်လလျင် ဒေါ်လာ ၄၈၀ (စင်္ကာပူဒေါ်လာ ၆၄၅) သည် ၎င်းတို့၏ မူလဇာစ်မြစ်နိုင်ငံက သတ်မှတ်ထားသော အနိမ့်ဆုံးလုပ်ခလစာနှုန်းများအောက်တွင် ရောက်နေသည်။
မလေးရှား၊ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအိမ်အကူလုပ်သားများနှင့် နှိုင်းယှဉ်ပါက စင်္ကာပူရှိ ရွှေ့ပြောင်းအိမ်အကူအလုပ်သမားများသည် ၎င်းတို့၏ လုပ်ခများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရွှေ့ပြောင်းသွားလာမှု စရိတ်စကများတွင် အများဆုံး ပမာဏကို ပေးထားရပြီး ယင်းက ၎င်းတို့၏ လစာ သုံးလစာထက် ပိုသည့် ပမာဏရှိသည်ဟု သိရသည်။ ၎င်းတို့သည် အဆိုပါ စရိတ်စကများကို ၎င်းတို့၏ စုဆောင်းငွေများဖြင့် ပေးခြင်း၊ လစာထဲမှ ဖြတ်နုတ်ခြင်း၊ ဆွေမျိုး၊ မိတ်ဆွေများထံမှ ချေးငွေရယူခြင်းမှတစ်ဆင့် ပေးချေထားခဲ့ရသည်။
အလုပ်သမားတစ်ဦး ပြစ်ဒဏ်ချခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းနှင့် အလုပ်က အတင်းအဓမ္မခိုင်းစေမှုဖြစ်ခြင်း စသည့် အညွှန်းများ ရှိချိန် ဖြစ်သည့် ILO က အဓိပ္ပါယ်ဖွင့်သော အတင်းအဓမ္မ လုပ်သားခိုင်းစေခံရမှု အထောက်အထားကိုလည်း ယခု လေ့လာစစ်တမ်းကောက်ယူခဲ့သည့် သုံးနိုင်ငံစလုံးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
Migrant domestic workers in Malaysia, Singapore and Thailand earn below minimum wage: Study
https://www.straitstimes.com/asia/se-asia/migrant-domestic-workers-in-ma...